ငပုတော နိုဝင်ဘာ ၂၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကွင်းချောင်းကျေးရွာအုပ်စု၊ ဆယ်အိမ်စုကျေးရွာတွင် ကွင်းအမှတ် (၂၁၀၆) ဦးပိုင်အမှတ် (၁၁) ၊ တောင်သူ ဦးဂီတစိန်၏ လယ်ယာမြေ (၅.၀၀) ဧက၌ နေကြာမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယမန်နေ့ မွန်းလွဲ (၂) နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါ နေကြာမျိုးစေ့ချစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ အတွင်းရေးမှုး ဦးထွန်းမျိုးသန့်က ပြည်တွင်းစားသုံးဆီဖူလုံရေး၊ ကျန်းမာရေးနှင့် ညီညွတ်သောစားသုံးဆီများ ရရှိရေးအတွက် ဆီထွက်နေကြာသီးနှံများကို စိုက်ပျိုးလျက်ရှိရာ စိုက်ပျိုးမှုစနစ်တကျ ရှိစေရေးအတွက် တောင်သူများအား နေကြာမျိုးစေ့ စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ မျိုးစေ့ကုန်သက်သာခြင်း၊ မြေဩဇာပက်ဖြန်းရလွယ်ကူခြင်း၊ ရိတ်သိမ်းရလွယ်ကူခြင်း၊ လုပ်အားခသက်သာခြင်း၊ အချိန်ကုန်သက်သာမှုရှိခြင်းနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး စိုက်ပျိုးနည်းပညာများကို ရှင်းလင်းပြောကြားပြီး စမ်းသပ်စိုက်ပျိုးဧက (၀.၅၀) ဧကအား သရုပ်ပြစိုက်ပျိုးခဲ့သည်။
အဆိုပါ သရုပ်ပြပွဲသို့ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဦးထွန်းမျိုးသန့်နှင့် ဝန်ထမ်းများ၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိဦးကျော်ကျော်ဝင်းနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများစုစုပေါင်း (၄၅) ဦးတက်ရောက်ခဲ့ကြကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးထွန်းမျိုးသန့်ထံမှ သိရသည်။
အောင်သူ