ကသာ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာ၊ သဘာဝဘေးအန္တရာယ်အကြောင်းနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာအကြောင်း သိကောင်းစရာ အသိပညာပေးလုပ်ငန်းများ ဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က အဆိုပါကျောင်း အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်မြင့်မြင့်ဝင်းက ကျောင်းသား/ ကျောင်းသူလေးများအား အမှာစကားပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်အေးမော်က ကလေးအလုပ်သမားနှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ အစရှိသည်တို့ကိုလည်းကောင်း၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သဉ္ဇာအောင်က မိမိခရိုင်၊ မိမိမြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များ ကျရောက်ဖြစ်ပေါ်ခဲ့ပါက ၎င်းတို့ဌာနအနေဖြင့် ကူညီဖြေရှင်း ဆောင်ရွက်ပေးနေမှုများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဦးစီးမှူး ဦးမောင်မောင်စိုးက သဘာဝဘေးအန္တရာယ်ဆိုင်ရာနှင့် ပတ်သက်၍ မုန်တိုင်းဘေးအတွက် ကြိုတင်ပြင်ဆင်ရန် အချက်များ၊ ရေဘေးအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ မြေပြိုခြင်းအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ ငလျင်ဘေးအတွက်ကြိုတင် ပြင်ဆင်ရန် အချက်များနှင့် လျှပ်စီးလက်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် ပတ်သက်သည့် ပညာပေးခြင်းတို့ကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်ရေးရာနှင့်မျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေးဆိုင်ရာတို့ကို အသိပညာပေး ဟောပြောခဲ့ကြသည်။
ထိုသို့ အသိပညာပေးဟောပြောကြရာတွင် တက်ရောက်လာကြသော ကျောင်းသား/ ကျောင်းသူများအား လက်တွေ့သရုပ်ပြသခြင်းနှင့် ကျောင်းသား/ ကျောင်းသူလေးများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းကြရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနတို့မှတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ(ကသာ)