မြဝတီမြို့၌ (Mobile)ဖုန်းဖြင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်လှစ်

မြဝတီ နိုဝင်ဘာ ၂၂

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် (Mobile)ဖုန်းဖြင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ယနေ့နံနက် ၁၀နာရီက ကျင်းပပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီက သင် တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာ ယနေ့ သင်တန်းဖွင့်လှစ်ခြင်းဖြင့် မိမိတို့ ရုံးဌာနများမှာ ပြုလုပ်သည့် အခမ်းအနားများ၊ သင်တန်းများ၊ ဆောင်ရွက်ချက်များအား မိမိတို့ကိုယ်တိုင်ရေးသား ရိုက်ကူးနိုင်ပြီး သတင်းထုတ်ပြန်ပေးနိုင်စေဖို့ရည်ရွယ်ပါကြောင်း၊ အဲ့လိုရိုက်ကူးထုတ်ပြန်ပေးခြင်းဖြင့် မိမိတို့ဌာနဆောင်ရွက်ချက်များအား ပြည်သူများသိရှိစေလာစေပြီး ယုံကြည်အားကိုးလာစေမှာဖြစ်သည့်အတွက် အားလုံးစိတ်ပါဝင်စားစွာ တက်ရောက် ပေးစေလိုပါကြောင်းဖြင့် ပြောကြားသည်။

သင်တန်းတွင် မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးထိန်လင်းအောင်က သတင်းတန်ဖိုးနှိုင်းယှဉ်ချက်များ၊ သတင်းရင်းမြစ်များ၊ သတင်း၏ အခြေခံဖွဲ့စည်းတည်ဆောက်ပုံများ၊ သတင်းရေးသားခြင်းနှင့် သတင်းရေးသားရာတွင် လိုက်နာရမည့်အချက်များ၊ကျင့်ဝတ်များနှင့်ဆောင် ရန်ရှောင်ရန်များ၊ (Mobile)ဖုန်းဖြင့် သတင်းဗီဒီ ယိုရိုက်ကူးရာတွင် အခြေခံသိထားရမည့် အချက်များနှင့် အခြေခံတည်းဖြတ်နည်းများအား သင်ကြားသွားမည်ဖြစ်သည်။

အဆိုပါသင်တန်းကို နိုဝင်ဘာလ ၂၁ ရက်နေ့မှ ၂၂ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး မြဝတီ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊ မူးယစ်ဆေးစွဲသူများပြန်လည်ထူထောင်ရေး အသင်း (ကရင်ပြည်နယ်)မှအသင်းသားများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ထိန်လင်းအောင်(ပြန်/ဆက်)