ဘားအံ နိုဝင်ဘာ ၂၂
၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ကရင်ပြည်နယ်ကိုယ်စားပြုသွားရောက်ဖျော်ဖြေတင်ဆက်မည့် ဒုံယောင်ဖူကျော် ဇာတ်အဖွဲ့အား ကရင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ တွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်သည့်အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်း အဝေးခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ ဒုံယောင်ဖူကျော်ဇာတ်အဖွဲ့မှ ဇာတ်အဖွဲ့ဝင်များက ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များအား တစ်ဦးချင်းတွေ့ဆုံမိတ်ဆက်ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ နေ့ထူးနေ့မြတ်ဖြစ်သော (၇၅)နှစ် မြောက် စိန်ရတုလွတ်လပ်ရေးနေ့အခမ်းအနားတွင် ကရင်ပြည်နယ်မှ ဒုံယောင်ဖူကျော်ဇာတ်အဖွဲ့ သွားရောက် ဖျော်ဖြေခွင့်ရသည့်အတွက် အထူးဂုဏ်ယူဝမ်းမြောက်ပါ ကြောင်း၊ ကျန်းမာရေးကိုအလေးထား၍ စည်းစနစ်တကျဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကို ထိန်းသိမ်း မြှင့်တင်ကြစေလိုကြောင်း၊ မြန်မာ့ရိုးရာယဉ်ကျေးမှုကို ဆက်လက်ထိန်းသိမ်း ဖော်ထုတ်၍ အစွမ်းကုန် မြှင့်တင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ပြီး နောင်လာမည့်မျိုးဆက်များသို့လည်း လက်ဆင့်ကမ်းပေးသွားကြစေလိုကြောင်း၊ ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အခက်အခဲများ၊ လိုအပ်သည်များကိုကူညီထောက်ပံ့မှုများဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒုံယောင်ဖူကျော်ဇာတ်အဖွဲ့အား ငွေကျပ်သိန်း (၂၀)ကို ထောက်ပံ့ပေးအပ်ရာ ဒုံယောင်ဖူကျော်နှင့်ခေါင်းဆောင်မင်းသမီးတို့က လက်ခံရယူခဲ့ကြပြီး ဇာတ်အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)နှင့် ကရင်ပြည်နယ်သဘင်အစည်းအရုံးတို့၏ စီမံခန့်ခွဲမှု အောက်တွင်ရှိသော ဒုံယောင်ဖူကျော်ဇာတ်အဖွဲ့သည် နေပြည်တော်၊ လေဟာပြင်ကဇာတ်ရုံ၌ နိုဝင်ဘာလ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့ ထိကျင်းပမည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဖျော်ဖြေရေးအစီအစဉ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌအပါအဝင် နိုင်ငံတော်အကြီး အကဲများနှင့် ပြည်သူများအား သွားရောက်ကပြဖျော်ဖြေတင်ဆက်သွားမည်ဖြစ်ပြီး ဇာတ်တည် ထောင်သူ၊ ဇာတ်ဆရာ၊ မင်းသား၊မင်းသမီး၊ လက်ထောက်မင်သား၊ မင်းသမီး၊ ဟာသလူရွှင်တော်၊ တီးဝိုင်းအဖွဲ့၊ မိတ်ကပ်ဆရာ၊ ဒီဇိုင်နာ အပါအဝင် ၃၅ ဦး သွားရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)