သရက်ချောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စု (၁၆၃၀၂) စုအတွက် ထောက်ပံ့ငွေများပေးအပ်

သရက်ချောင်း၊  စက်တင်ဘာ ၂၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၆၃၀၂) စုအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယမန်နေ့နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး (အစည်းအဝေး) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းက ထောက်ပံ့ငွေပေးအပ်ရခြင်း ရည်ရွယ်ချက်၊ ထောက်ပံ့ငွေပေးအပ်ရာတွင် အခြေခံလူတန်းစားများ၏ လက်ဝယ်အရောက် ပေးပို့ရမည့်နည်းလမ်းများ၊ ထောက်ပံ့ငွေများကို ထုတ်ပေးရာတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ စနစ်တကျထုတ်ပေးသွားရန် စသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းထွန်းနှင့်တာဝန်ရှိသူများက နိုင်ငံတော်မှတတိယအကြိမ် ထောက်ပံ့သည့် ထောက်ပံ့ငွေများအား မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာ အုပ်စု (၄၄) အုပ်စုရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၆၃၀၂) စုအတွက် တစ်အိမ်ထောင်စုလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်းကျပ်သိန်း (၃၂၆၀ ဒသမ ၄)သိန်းကို ထောက်ပံ့ပေးအပ်ကြရာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စု အုပ်ချုပ်ရေးတာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြကြောင်း သိရသည်။
သရက်ချောင်း(ပြန်/ဆက်)