ပွင့်ဖြူ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club) အဖွဲ့တို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ နိုဝင်ဘာ ၂၁ ရက်၊ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်း က ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန ( Community Centre )ခန်းမတွင် လစဉ်စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စီစဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်းနှင့် စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူတိုင်း မည်သူမဆိုလာရောက်ဆွေးနွေးနိုင်ကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ရာ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုး က စာရေးဆရာမ ဒေါက်တာမတင်ဝင်း ရေးသားသည့် "သမီးကိုပြောဖြစ်သောပုံပြင်များ " စာအုပ်တွင် ပါဝင်သော မိဘများမှ သားသမီးများအပေါ်ထားရှိသော မေတ္တာတရားကြီးပုံ၊ မိဘကိုစိတ်ဆင်းရဲအောင်လုပ်မိပါ အပါယ်ငရဲကျရောက်နိုင်မှုများ ၊ ဆရာသမားကောင်းများ၏ တပည့်များအပေါ် ထားရှိသော အချက်များနှင့် ဆရာတင်လွဲမှားမိပါက ဒုက္ခဆိုးကျိုးများနှင့် ကြုံတွေ့နိုင်မှုများ၊ လူမှု့ဘဝတွင် လိမ္မာယဉ်ကျေးသူများဖြစ်အောင် နေထိုင်သွားကြဖို့နှင့် မကောင်းမှုမှန်သမျှ ရှောင်ကြဉ်သတိပြု နေထိုင်ကြရန်စသည့် စာပေသိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသူများက မိမိတို့ဖတ်ရှုလေ့လာခဲ့သည့် သုတရသစာပေအကြောင်းအရာများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ကျောင်းသား/ကျောင်းသူများ ပြင်ပစာပေ အသိပညာဗဟုသုတ တိုးပွားစေရန် အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့၊ Youth Club အဖွဲ့တို့နှင့် ပူးပေါင်းပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ အသိပညာပေး ဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ပြသခြင်းတို့ကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)