မြဝတီခရိုင်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ အစည်းအဝေးကျင်းပ

မြဝတီ နိုဝင်ဘာ ၂၁

ကရင်ပြည်နယ်၊ မြဝတီခရိုင်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ မြဝတီခရိုင်  ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး  ဦးစိုးတင့်နှင့်  ကော်မတီအဖွဲ့ဝင်များ   တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြဝတီခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က လူမှုဝန်ထမ်းဦးစီးဌာနမှ  လုပ်ငန်းကြီး(၇)ရပ်ကို  အကောင် အထည်ဖော် ဆောင်ရွက်ရာတွင်ပါဝင်သည့်  ကလေးနှင့်လူငယ်စောင့်ရှောက်ရေး  လုပ်ငန်းစဉ်အရ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီကိုခရိုင်နှင့် မြို့နယ်အဆင့်လိုက် ဖွဲ့စည်းထားပြီး  ကလေးသူငယ်အခွင့်အရေး (၄)ရပ် ရရှိအောင် ဆောင်ရွက်ပေးလျက် ရှိကြောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန အနေဖြင့် ရပ်/ကျေးတာဝန်ရှိသူများ၊  အခြား ဆက်စပ်လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရပ်/ရွာအတွင်း ကလေးသူငယ်ဆိုင်ရာကိစ္စရပ်များကို ဖြေရှင်းဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့်  ကလေးသူငယ်များ၏  အနာဂတ်ဘဝ လှပစေရေး အားလုံးဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်စေလိုကြောင်း အဖွင့်အမှာစကား ပြောကြား ပေးသည်။

ဆက်လက်၍ မြဝတီခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး  ခရိုင်ဦးစီးမှူး  ဦးသီဟနိုင်က အစည်းအဝေး ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းစဉ်တွင် ပါဝင်သည့် အချက်များ ဆွေးနွေးခဲ့ကြသည်။

ထို့နောက်မြဝတီခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူးဦးစိုးတင့်က လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ထိန်လင်းအောင် (ပြန်/ဆက်)