အုတ်တွင်း နိုဝင်ဘာ ၂၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ကျောင်းသား/သူများ၏ ပညာရည်တိုးတက်မြင့်မားရေး၊ ဉာဏ်ရည်ဉာဏ်သွေး ဖွံ့ဖြိုးထက်မြက်စေရေးနှင့် တွက်ချက်မှုဖြတ်ထိုးဉာဏ်ရှိစေရန် ရည်ရွယ်၍ အုတ်တွင်းမြို့နယ် ပညာရေးဌာန၏ ဦးဆောင်မှုဖြင့် ကျင်းပရခြင်းဖြစ်သည်။ ပြိုင်ပွဲမစတင်မီ မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်နှင့် တာဝန်ရှိသူများက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာဆရာမများအား တွေ့ဆုံ၍ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာ စွမ်းရည်ပြိုင်ပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/သူများ၏အဖြေလွှာ စစ်ဆေးရာတွင် သတ်မှတ်စည်းမျဉ်း၊ စည်းကမ်းနှင့်အညီ စနစ်တကျအကဲဖြတ် အမှတ်ပေးစစ်ဆေးရန်၊ ခရိုင်အဆင့်ဖြေဆိုရန် ရွေးချယ်ခံရသော ကျောင်းသား/သူများ သတ်မှတ်အဆင့်မီ/အရည်အချင်းပြည့်ဝစေရန်၊ ရွေးချယ်ရန် အရေအတွက်နှင့် အချိန်ဇယားများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲကိုစတင်ကျင်းပရာ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မြို့နယ်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည် ဝင်ရောက်ဖြေဆိုကြသည့် မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများမှ Grade(5)မှ Grade(9)အထိ အင်္ဂလိပ်စာ စွမ်းရည်ပြိုင်ပွဲဝင် ကျောင်းသား/သူ (၁၀၄)ဦးနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲဝင် (၁၁၇)ဦးတို့ ဝင်ရောက်ယှဉ်ပြိုင် ဖြေဆိုကြသည်။ ဖြေဆိုအောင်မြင်သော ကျောင်းသား/သူများမှ ပ/ဒု/တ ရရှိသူ များကို နိုဝင်ဘာ ၂၂ ရက် နံနက် ၉ နာရီ တွင် ဘာသာရပ်အလိုက်ရေး ဖြေ/ နှုတ် ဖြေ/ကျပန်းစကားပြောဆက်လက်ယှဉ်ပြိုင်စေပြီး တစ်တန်းချင်းဘာသာရပ်အလိုက် အောင်မြင်သော ကျောင်းသား/သူ တစ်ဦးသာလျှင် ခရိုင်အဆင့် အင်္ဂလိပ်စာနှင့် သင်္ချာဘာသာရပ်စွမ်းရည်ပြိုင်ပွဲဝင်ရောက်ဖြေဆိုခွင့်ရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်မာလာမြင့်ထံမှ သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)