ရွှေဘို နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီးရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီချိန်က ပလတ်စတစ်အန္တရာယ်အကြောင်း အသိပညာပေး Talk Show ပြုလုပ်ကြောင်း သိရသည်။
အဆိုပါ Talk Show တွင် ရွှေဘိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးမြင့်စန်းက ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုလက်ထောက် ဦးစီးဒေါ်ချောချောခိုင် ကပလတ်စတစ်များစတင်ဖြစ်ပေါ်လာပုံနှင့် လူတို့အလွယ်တကူ သုံးစွဲရခြင်းအကြောင်းများ၊ ပလတ်စတစ်အမျိုးအစား (၇) မျိုး၏ ဂုဏ်သတ္တိများ၊ ပလတ်စတစ်သုံးစွဲမှုကြောင့် ထိခိုက်စေနိုင်သောအရာများ၊ ပလတ်စတစ်သုံးစွဲမှု လျော့ချရန်နည်းလမ်းများ၊ ပတ်ဝန်းကျင်ကို ထိခိုက်မှုမဖြစ်စေရန် အမှိုက်များစွန့်ပစ်သည့် နည်းလမ်းများ စသည်တို့ကို အကျယ်တဝင့် ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်ချက်များကို Online စနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရန် အသိပညာပေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ We Love Shwe Bo Facebook Pageတွင် စဥ်ဆက်မပြတ် စီစဉ်တင်ဆက်ပေးလျှက်ရှိကြောင်း သိရသည်။