ဘိုကလေး နိုဝင်ဘာ ၂၁
ဆည်၊ မြောင်း၊ ချောင်း၊ ကန်၊ ရေတွင်း စသည်တို့မှ သွင်းရေနည်းလမ်းအသွယ်သွယ်ဖြင့် ရေရရှိနိုင်သည့် ဒေသများနှင့် အထူးသဖြင့် မြန်မာနိုင်ငံ၏ စပါးကျီဟု ခေါ်ဆိုအပ်သော ဧရာဝတီတိုင်းဒေသကြီး၌ စိုက်ပျိုးရေးကဏ္ဍတွင် စပါးစိုက်ပျိုးရေးလုပ်ငန်းအား အဓိကထား ဆောင်ရွက်လုပ်ကိုင်လျက်ရှိရာ နွေရာသီ၌ တိုက်ရိုက်မျိုးစေ့ချနည်းစနစ် (ကြဲပက်ခြင်းစနစ်)ဖြင့် ကျယ်ပြန့်စွာ စိုက်ပျိုးကြကြောင်း မြင်တွေ့နိုင်သည်။
စပါးအားကြဲပက် စိုက်ပျိုးခြင်းသည် ပျိုးထောင် ကောက်စိုက်စနစ်နှင့် နှိုင်းယှဉ်ပါက လုပ်အားခ ကုန်ကျစရိတ် သက်သာခြင်း၊ ပျိုးထောင်စရာမလိုခြင်း၊ ပျိုးခင်းအား ပြုစုစောင့်ရှောက်စရာ မလိုခြင်း၊ ပျိုးနှုတ်စရာမလိုခြင်းနှင့် ပြောင်းရွှေ့ကောက်စိုက်စရာ မလိုသော အားသာချက်များ ရရှိနိုင်ကြောင်း စပါးစိုက်ပျိုးသူများထံမှ သိရသည်။
ထို့ကြောင့် အားသာချက်များရှိသော တိုက်ရိုက် မျိုးစေ့ချ စပါးကြဲပက်ခြင်းဖြင့် စိုက်ပျိုးမည် ဆိုပါက အဓိက အလေးထား ဂရုစိုက်ရမည်မှာ စပါးအထွက်နှုန်းအား အန္တရာယ်ပေးနိုင်သည့် ပေါင်းမြက်များဖြစ်ပြီး စပါးကြဲပက် စိုက်ပျိုးနည်းဖြင့် စပါးစိုက်မည်ဆိုပါက ပေါင်းသတ်ဆေးကို မဖြစ်မနေသုံးစွဲရန် လိုအပ်ကြောင်း စိုက်ပျိုးရေးပညာရှင်များမှ ဆိုသည်။
ပေါင်းသတ်ဆေးသုံးစွဲရာတွင် မိမိတို့သုံးစွဲသည့် ပေါင်းသတ်ဆေး အမျိုးအစားအပေါ် မူတည်၍ မှန်ကန်စွာ အသုံးချရန် လိုအပ်ပြီး ပေါင်းသတ်ဆေးများသည် အမျိုးအစားပေါ်မူတည်၍ ပေါင်းမြက်မပေါက်မီ ဖျန်းရသည့် ပေါင်းသတ်ဆေးနှင့် ပေါင်းမြက်ပေါက်ပြီးမှ မြက်ပင် သေစေရန် ဖြန်းရသော ပေါင်းသတ်ဆေးဟူ၍ ရှိသည်။
စပါးစိုက်ပျိုးနည်း စနစ်ပေါ်မူတည်ပြီး ပေါင်းမြက်ကြောင့် စပါးအထွက်နှုန်းဆုံးရှံးမှုသည် ကွာခြားမှုရှိပြီး ပျိုးထောင်ကောက်စိုက်စပါးထက် တိုက်ရိုက် မျိုးစေ့ချကြဲပက် စပါးက ပေါင်းမြက်ကြောင့် ဆုံးရှုံးမှုများသဖြင့် ကြဲပက်ခြင်းဖြင့် စပါးစိုက်ပျိုးသူများ စပါးအထွက်နှုန်း မလျော့၊ မဆုံးရှုံးရန် ပေါင်းမြက်ကို အလေးထားပြီး မှန်ကန်သော နည်းစနစ်ဖြင့် ပေါင်းသတ်ဆေးများ အသုံးပြုသင့်ကြောင်း စိုက်ပျိုးရေးပညာရှင်များထံမှ သိရသည်။
မိုးစက်(ဘိုကလေး)