ပေါက်ခေါင်းမြို့နယ်၌ စာသင်ကျောင်းအခြေပြု စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြော

ပေါက်ခေါင်း နိုဝင်ဘာဘာ ၂၁  

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူလူငယ်လူရွယ်များ အစားအစာများဝယ် ယူစားသုံးရာတွင် ဘေးအန္တရာယ်ကင်းရှင်းစွာရွေးချယ် ဝယ်ယူနိုင်ရန်ရည်ရွယ်၍ စာသင်ကျောင်း အခြေပြုစားသုံးသူ ကာကွယ်ရေး အသိပညာပေး ဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၂ နာရီက ပေါက်ခေါင်းမြို့ အမှတ်(၂)ရပ်ကွက်၊ အခြေခံပညာမူလတန်းကျောင်း(ပညာဇောတ)တွင် အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဟောပြောဆောင်ရွက်ရာတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ထွန်းက ဌာန၏လုပ်ငန်းများအား ဦးစွာမိတ်ဆက်ပြောကြားပြီး၊ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား မုန့်ဈေးဆိုင်များတွင် ရောင်းချသည့် ဝယ်ယူစားသုံးရန်မသင့်တော်သည့် အစားအစာများ၊ စတင်ထုတ်လုပ်သည့် ရက်စွဲနှင့်ကုန်ဆုံးမည့် ရက်စွဲမပါရှိသည့် မုန့်ထုတ်များ၊ သတ်မှတ်ရက်လွန်အစားအစာများနှင့် စားသုံးသူများကုန်စည်နှင့် ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင် သိရှိရမည့် အခွင့်အရေးများကို အသိပညာပေးဟောပြောခဲ့ပြီး၊ စားသုံးသူအခွင့်အရေး ဆုံးရှုံးမှုများရှိခဲ့ပါက တိုင်ကြားနိုင်မည့်နည်းလမ်းများကို ပြောကြားခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ ကျောင်းသား၊ ကျောင်းသူ(၁၁၅)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းထွန်းအောင်(ပြန်/ဆက်)