ဝါးခယ်မ နိုဝင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယနေ့နံနက် ၉ နာရီအချိန်မှစ၍ ဝါးခယ်မမြို့နယ် စည်ပင်သာယာရေး ကော်မတီအစည်းအဝေးခန်းမ၌ ဝါးခယ်မမြို့နယ်အတွင်းရှိ အာမခံအလုပ်သမားများအား ရွေ့လျားဆေးကုသယာဉ်ဖြင့် ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဝါးခယ်မမြို့နယ်လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာနများရှိ အာမခံအလုပ်သမားများကို သွေးအုပ်စုစစ်ဆေးပေးခြင်း၊ သွေးတွင်းအဆီဓာတ် စစ်ဆေးပေးခြင်း၊ အသည်း၊ ကျောက်ကပ်နှင့်ဆိုင်သော စစ်ဆေးမှုများ၊ အသည်းရောင်အသားဝါ B ပိုး၊ C ပိုး၊ ကာလသားရောဂါပိုး၊ HIV ရောဂါပိုးများစစ်ဆေးပေးခြင်း၊ သွေးနီဥ၊ သွေးဖြူဥများ စစ်ဆေးပေးခြင်း၊ ECG၊ သွေးတွင်းသကြားဓာတ် စစ်ဆေးပေးခြင်း၊ လေးဖက်နာပိုး စစ်ဆေးပေးခြင်း လုပ်ငန်းများကို ဒေါက်တာမေမြတ်ထွန်းနှင့် ဒေါက်တာဖြိုးအောင်ဇော် ဦးဆောင်သော ရွေလျားဆေးကုသယာဉ် (MMU-2)ဖြင့် အာမခံအလုပ်သမားများအား လုပ်ငန်းခွင်အရောက် ကျန်းမာရေးစောင့်ရှောက်မှုများကို မြို့နယ် လူမှုဖူလုံရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ပူးပေါင်း၍(၂၁-၁၁-၂၀၂၂) ရက်နေ့ နံနက် ၉ နာရီအချိန်မှစ၍ ညနေ ၄ နာရီအချိန်ထိ ဆေးကုသသည့်လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းထက်လင်း ဝါးခယ်မ(ပြန်/ဆက်)