တောင်တွင်းကြီး နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေပြည်သူများသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက လုပ်ကိုင်ဆောင်ရွက်လျက်ရှိရာ ၂၀၂၂-၂၀၂၃ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါး (၉၇၉၇၅)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့သည့် စပါးများမှာ ယခုအခါ ရင့်မှည့်လာပြီဖြစ်သည့်အတွက် စပါးစိုက်တောင်သူများအနေဖြင့် မိုးစပါးများ စတင်ရိတ်သိမ်းလျက်ရှိကြောင်း သိရသည်။
မိုးစပါးများရိတ်သိမ်းရာတွင် စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းခြင်း၊ လူငှါးဖြင့် နေ့စား၊ ပုတ်ပြတ်တို့ဖြင့် ရိတ်သိမ်းခြင်းတို့ကို ဆောင်ရွက်ကြပြီး စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းပါက တစ်ဧကလျှင် (၈၀၀၀၀)ကျပ် ပေးငှါးရကြောင်း၊ စပါးသယ်ယူစရိတ်အနေဖြင့် နွားလှည်းတစ်စီးလျှင်(၁၀၀၀၀)ကျပ် ပေးချေရကြောင်း၊ လူငှါးဖြင့် နေ့စားရိတ်ပါက လူတစ်ဦးလျှင် တစ်နေကုန် (၅၀၀၀)ကျပ် ပေးငှါးရကြောင်း၊ ပုတ်ပြတ်ရိတ်ပါက တစ်ဧက(၈၀၀၀၀)ကျပ်ပေးငှါးရကြောင်း၊ စပါးရိတ်သိမ်းခြွေလှေ့စက်ဖြင့် ရိတ်သိမ်းပါက အချိန်တိုအတွင်း စပါးများထွက်ရှိပြီး အချိန်ကုန်၊ လူကုန်သက်သာပါကြောင်း၊ အချို့တောင်သူများမှာ နေ့စဉ် နွားစာကျွေးရန်အတွက် နွားစာကောက်ရိုးရရှိစေရန် လူငှါးဖြင့် ပုတ်ပြတ်ရိတ်သိမ်းကြကြောင်း၊ ထိုသို့ လူငှါးဖြင့် ပုတ်ပြတ်ရိတ်သိမ်းပါက ရိတ်သိမ်းခအပြင် ရိတ်သိမ်းပြီးစပါးများအား တလင်းအထိ သယ်ပို့ခနှင့် စပါးခြွေခများ ထပ်မံကုန်ကျကြောင်း၊ တစ်ဧကလျှင် စပါးတင်း(၇၀)မှ တင်း(၁၀၀)အထိ ထွက်ရှိကြောင်းနှင့် လက်တလောတွင် ဧရာမင်းစပါးတစ်တင်းလျှင်(၁၃၀၀၀)ကျပ် ရောင်းချရကြောင်း စပါးစိုက်တောင်သူဦးမြင့်ဇော်ထံမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်အတွင်းရှိ စပါးစိုက်တောင်သူများသည် မနောသုခ၊ ဆင်းသုခ၊ ဧရာမင်း၊ ဧရာပဒေသာ၊ ရတနာတိုး၊ မဂျမ်းတော စသည့် စပါးမျိုးများကို အဓိကထား စိုက်ပျိုးကြကြောင်း စပါးစိုက်တောင်သူများထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)