မြိတ် နိုဝင်ဘာ ၂၁
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် ကဘင်းကျေးရွာရှိ နည်းပညာတက္ကသိုလ်(မြိတ်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် မောင်မယ်သစ်လွင် ကြိုဆိုပွဲကို ယနေ့နံနက်(၁၀)နာရီက တက္ကသိုလ်ဘွဲ့နှင်းသဘင် ခန်းမတွင် ကျင်းပခဲ့သည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲကို ကျောင်းသား၊ ကျောင်းသူများ အင်ဂျင်နီယာအတတ်ပညာနှင့် ဘာသာရပ်အကြောင်း ပိုမိုသိရှိစေရန်နှင့် ကျောင်းသား၊ ကျောင်းသူအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ရရှိစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
မောင်မယ်သစ်လွင်ကြိုဆိုပွဲ၌ နည်းပညာတက္ကသိုလ်(မြိတ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်စိုးလွင်က ကျောင်းသား/သူများအား မောင်မယ်တို့အနေနှင့် မိမိတို့ရည်ရွယ်ချက်နှင့်အညီ သက်ဆိုင်ရာ ဘာသာရပ်အလိုက် အင်ဂျင်နီယာဘွဲ့များကို ရရှိအောင် မဆုတ်မနစ်သော ဇွဲလုံ့လဝီရိယဖြင့် ကြိုးစားအားထုတ်ပြီး တိုးတက်အောင်မြင်တဲ့ အသိပညာရှင် အတတ်ပညာရှင် ဖြစ်အောင် အားသွန်ခွန်စိုက်ကြိုးစားကြရန် တိုက်တွန်းစကားပြောကြားသည်။
ထို့နောက် တက္ကသိုလ် မော်ကွန်းထိန်း ဒေါ်ဝါဝါခိုင်က အဆောင်စည်းကမ်း၊ စာမေးပွဲစည်းကမ်းဆိုင်ရာများကို ပြောကြားပြီး သင်ကြားရေးဌာနမှူးများက တစ်ဦးချင်း မိတ်ဆက်ကြ၍ ဘာသာရပ်အလိုက်ဌာနမှူးများက ဘာသာရပ်အကြောင်းများကို မိတ်ဆက်ပြောကြားကြသည်။ ဆက်လက်၍ မြန်မာစာဌာနမှူးက မောင်မယ်သစ်လွင်များအား သီချင်းဖြင့် ကြိုဆိုဂုဏ်ပြု၍ နောက်ဆုံးနှစ် ကျောင်းသားတစ်ဦးက ကျောင်းတက်ရသည့် အတွ့အကြုံများကို ရှင်းလင်းပြောကြားသည်။
နည်းပညာတက္ကသိုလ်(မြိတ်)တွင် အင်ဂျင်နီယာပညာဌာနကြီးလေးခုနဲ့ စာပေပညာဌာနများနှင့် ဘာသာစကားဌာနစသည့် ဌာနများဖြင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် သင်တန်းနှစ် အသီးသီးတွင် ကျောင်းသား/သူ(၂၅၃)ဦး တက်ရောက်လျက်ရှိကြပြီး တက္ကသိုလ်၏ စီမံ/သင်ကြားရေး ဆရာ/ ဆရာမ(၉၀)ဦးကျော်မှ သင်ကြားပေးလျက် ရှိကြောင်း၊ နည်းပညာတက္ကသိုလ်(မြိတ်)မှ ၂၀၀၁-၂၀၀၂ပညာသင်နှစ်မှစတင်၍ လူငယ်မောင်မယ်များအား AGTI ဒီပလိုမာ (၉၉၂)ဦး၊ B.Tech ဘွဲ့ရ (၈၅၈) ဦး၊ B.E. ဘွဲ့ရ (၇၆၂) ဦး၊ စုစုပေါင်း(၂၆၁၂)ဦးကို မွေးထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်ဆက်)