ပွင့်ဖြူ နိုဝင်ဘာ ၂၁
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင် ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့တို့ ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ရည်ရွယ်၍ ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထိန်လင်းက ပြည်သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre )ခန်းမတွင် လစဉ် စာဖတ်ဝိုင်းဆွေးနွေးပွဲများကို စီစဉ် ကျင်းပပြုလုပ်လျက်ရှိကြောင်းနှင့် စာပေဝါသနာရှင်များ၊ စာပေချစ်မြတ်နိုးသူတိုင်း မည်သူမဆို လာရောက်ဆွေးနွေးနိုင်ကြောင်း ရှင်းလင်းဆွေးနွေး ပြောကြား သည်။
ဆက်လက်၍ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ရာ မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ (Book Club)အဖွဲ့မှ အတွင်းရေးမှူး ဦးကျော်စိုးက စာရေးဆရာမ ဒေါက်တာမတင်ဝင်း ရေးသားသည့် "သမီးကိုပြောဖြစ်သော ပုံပြင်များ" စာအုပ်တွင် ပါဝင်သော မိဘများမှ သားသမီးများအပေါ် ထားရှိသော မေတ္တာတရားကြီးပုံ၊ မိဘကို စိတ်ဆင်းရဲအောင်လုပ်မိပါ အပါယ်ငရဲကျရောက်နိုင်မှုများ ၊ ဆရာသမားကောင်းများ၏ တပည့်များအပေါ် ထားရှိသော အချက်များနှင့် ဆရာတင် လွဲမှားမိပါက ဒုက္ခဆိုးကျိုးများနှင့် ကြုံတွေ့နိုင်မှုများ၊ လူမှု့ဘဝတွင် လိမ္မာယဉ်ကျေးသူများ ဖြစ်အောင် နေထိုင်သွားကြဖို့နှင့် မကောင်းမှုမှန်သမျှ ရှောင်ကြဉ်သတိပြု နေထိုင်ကြရန် စသည့် စာပေသိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ထို့နောက် တက်ရောက်လာ ကြသူများက မိမိတို့ ဖတ်ရှုလေ့လာခဲ့သည့် သုတရသစာပေအကြောင်းအရာများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် မြို့နယ်အတွင်းရှိ ဒေသခံ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေအသိပညာ ဗဟုသုတ တိုးပွားစေရန် အားလပ်ချိန်များတွင် စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် မြို့နယ်ပွင့်သာမြေ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ(Book Club)အဖွဲ့၊ Youth Club အဖွဲ့တို့နှင့် ပူးပေါင်းပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲများ၊ အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်ခြင်း၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲများ ပြသခြင်းတို့ကို စဉ်ဆက်မပြတ် ကျင်းပဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)