ပေါင်းတည်မြို့နယ်တွင် သံဃနာယကနှင့်ဝိနည်းဓိုရ် သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ပေါင်းတည် နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် သံဃနာယကနှင့်ဝိနည်းဓိုရ်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ညောင်ပင်ကုန်းနှင့်ကင်မွန်းခြုံကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့မှ ဘဒ္ဒန္တကောဝိဒမဟာဂန္တဝါစကပဏ္ဍိတ၊ မြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ) ဥက္ကဋ္ဌဆရာတော်နှင့်တကွ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမျိုးသန့်၊ ပဲခူးတိုင်းဒေသကြီး၊ သာသနာရေးမှူးရုံးခွဲ(ပြည်)မှ ဒုတိယညွှန်ကြားရေးမှူးဦးထွန်းမြင့်အောင်နှင့်အဖွဲ့တို့ တက်ရောက်သည်။

ရှေးဦးစွာ သံဃာတော်များက နမောတဿဗုဒ္ဓပဏာမဖြင့် အခမ်းအနားကို ဖွင့်လှစ်သည်။ ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့(မဟာဒွါရ)ဥက္ကဋ္ဌဆရာတော်က သြဝါဒကထာမြွတ်ကြားတော်မူပြီးနောက် သင်တန်းပို့ချရေးအဖွဲ့ခေါင်းဆောင် နိုင်ငံတော်သံဃမဟာနာယက ရွှေတောင်မြို့ရွှေမဉ္ဇူကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒမဟာဂန္တဝါစက ပဏ္ဍိတက ဝမ်းမြောက်မှု မုဒိတာကထာ မိန့်ကြားတော်မူသည်။ ထို့နောက် ပဲခူးတိုင်းဒေသကြီး သာသနာရေးမှူးရုံးခွဲ(ပြည်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းမြင့်အောင်က သာသနာရေးရာများကိုလျှောက်ထားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးမှူးဦးမျိုးသန့်နှင့်အဖွဲ့က သင်တန်းပို့ချရေးဆရာတော်သံဃာတော်ကြီးများနှင့်အဖွဲ့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ဆက်ကပ်ပြီး သင်တန်းသား သံဃာတော် ၃၆ ပါးအား သင်တန်းဆင်း လက်မှတ်များဆက်ကပ်ကြသည်။ ယင်းနောက် အခမ်းအနားကို ဗုဒ္ဓံသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို၍ သာဓုအနုမောဒနသုံးကြိမ်ခေါ်ဆိုကြကာ အခမ်းနားကို မွန်းလွဲ ၃ နာရီတွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် မဟာဒွါရဂိုဏ်းစည်းမျဉ်းစည်းကမ်းများ၊ သံဃအဖွဲ့အစည်းအခြေခံစည်းမျည်း၊ လုပ်ထုံး၊ လက်စွဲများ၊ ဝိနည်းဓမ္မကံ၊ လုပ်ထုံး၊ လက်စွဲများနှင့် ဆွေးနွေးမေးမြန်းခြင်းများကို မဟာဒွါယဗဟိုဌာနနှင့်မြို့နယ်သံဃနာယက အဖွဲ့တို့မှ ဆရာတော်အရှင်သူမြတ်များကလည်းကောင်း၊ သာသနာတော်ဆိုင်ရာ တရားစီရင်ရေးဗဟုသုတများကို မြို့နယ်တရားသူကြီးကလည်းကောင်း၊ ဥပဒေရေးရာကိစ္စရပ်များကို မြို့နယ်ဥပဒေအရာရှိကလည်းကောင်း၊ မြေစာရင်းကိစ္စရပ်များကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ဦးစီးအရာရှိကလည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက်မှ ၂၀ ရက်အထိ သင်တန်းသားသံဃာတော်များအား အသီးသီးပို့ချခဲ့ကြောင်း သိရသည်။

သူရကြီး ( ပြန်/ဆက်)