ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ရှားပါးပင်လယ်လိပ်တစ်ကောင် ပြန်လည်လွှတ်ပေး

ကော့သောင်း၊ စက်တင်ဘာ ၂၁

ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ယမန်နေ့နံနက်ပိုင်းက အပူပိုင်းမုန်တိုင်း နို(လ်) NOUL အရှိန်ကြောင့် ပင်လယ်ဒီရေလှိုင်းများရိုက်ခတ်သဖြင့် လေးမိုင်ကမ်းခြေသို့သောင်တင်လာသည့် ရှားပါးပင်လယ်လိပ်တစ်ကောင်အား ပင်လယ်အတွင်းသို့ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လိပ်မှာ ကျောခွံအလျား ၂ ပေ ၄ လက်မ၊ အနံ ၂ ပေ ၃ လက်မရှိ အညိုရောင်ဖျော့ဖျော့အရောင်ရှိကာ အမျိုးအစားမှာ ရှားပါးစာရင်းဝင် ပြင်သာလိပ်အမျိူးအစားဖြစ်ပြီး နို(လ်) NOUL မုန်တိုင်းအရှိန်ကြောင့် ပင်လယ်လှိုင်းများရိုက်ခတ်ရာ လိပ်၏ဘယ်ဘက်လက်တွင်ငါးဖမ်းပိုက်အစုတ်များဖြင့် ရစ်ပတ်တွယ်ညှိနေပြီး ကူးခတ်ရန်အခက်အခဲဖြစ်ပေါ်ကာ ကမ်းခြေသို့တက်လာခြင်းဖြစ်ကြောင်း ဒေသခံရေလုပ် သားများက ပြောသည်။
အဆိုပါလိပ်အား ကော့သောင်းမြို့၏ ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် ကမ်းနီးအဖြူရောင်ပရဟိတအဖွဲ့မှ ကယ်ဆယ်ကာ ငါးလုပ်ငန်းဦးစီးဌာနသို့ သတင်းပေးပို့လာသဖြင့် လိပ်မျိုးထိန်းသိမ်းရေးလုပ်ငန်းများအား အစဉ်တစ်စိုက်ဆောင်ရွက်လျက်ရှိသည့် ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာ၊ ခရိုင်ဦးစီးမှူး ဦးသန့်ဇင်နှင့် တာဝန်ရှိသူများက ကူညီကယ်ဆယ်ကာ အက်ဒမန်ပင်လယ်သူဌေးကျွန်း တောင်ဘက်ကမ်းခြေပင်လယ်ပြင် အတွင်းသို့ ပြန်လည်လွှတ်ပေးခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)