ကော့သောင်း နို၀င်ဘာ ၂၁
နေရပ်ပြန် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့် ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီး ပြန်လည်လွှတ်မြောက်လာသည့် မြန်မာနိုင်ငံသား အမျိုးသား ၁၇၀ ဦး၊ အမျိုးသမီး ၄၀ ဦး၊ စုစုပေါင်းအလုပ်သမား ၂၁၀ ဦးအား ယနေ့မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့မှတစ်ဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့၊ တာဝန်ရှိအဖွဲ့အစည်းများထံသို့ ရေလမ်းခရီးမှ လာရောက်လွဲပြောင်းပေးအပ်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မြန်မာအလုပ်သမားများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလတစ်လျောက် အကြောင်းအမျိုးမျိုးဖြင့် ထိုင်းနိုင်အတွင်းပိတ်မိနေသူများနှင့် အရေးယူခံနေခဲ့ရသူများဖြစ်ကာ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ပြန်လည်ဝင်ရောက်လာသည့် အလုပ်သမားများကို ကော့သောင်းခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာနနှင့် ဌာနဆိုင်ရာများ၊ NGO အဖွဲ့အစည်းများက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုသံသယရှိသူများ ပါဝင်လာခြင်း ရှိ မရှိ၊ မြန်မာနိုင်ငံသား မဟုတ်သူများ ပါဝင်လာခြင်း ရှိ/မရှိ ၊ မူးယစ်ဆေးဝါး သယ်ဆောင်လာခြင်းရှိမရှိ သတိပြုစစ်ဆေးလက်ခံခဲ့ပြီး အစားအသောက်၊ ကျန်းမာရေးနှင့် လိုအပ်သည့်ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
ပြန်လည်ဝင်ရောက်လာသူများကို ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးမှုများဆောင်ရွက်ပြီး ကော့သောင်းဒေသခံများကို ကော့သောင်းမြို့ရှိ Quarantine Center (၃) ခုတွင် အမျိုးသား၊ အမျိုးသမီး သီးခြားစီခွဲခြားထားရှိ အထူးကြပ်မတ်ကာ (၃) ရက် အသွားအလာကန့်သတ် ထားရှိ စောင့်ကြည့်ထားရှိ၍ ရောဂါပိုးတွေ့ရှိခြင်းမရှိမှသာ မိမိတို့အိမ် အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးသွားမည်ဖြစ်သည်။ အခြားပြည်နယ်နှင့် တိုင်းများမှသူများကို မော်တော်ယာဉ်များဖြင့် ချက်ခြင်းပြန်လည် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စိုး(ကော့သောင်း)