အမာ စက်တင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ ဘဝသစ်ကျေးရွာအုပ်စု၊ ဂေါ်ဒူကျေးရွာ၌ ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့် တွင် မိုးသက်လေပြင်းတိုက်ခတ်ပြီး ဒီရေများမြင့်တက်လာခြင်းကြောင့် လူနေအိမ်(၁၂)လုံး ရေနစ်မြုပ်၍ယိုင်နဲ့ ပျက်စီး ခဲ့ကြောင်း သိရသည်။
အဆိုပါ မိုးသက်လေပြင်း တိုက်ခတ်မှုကြောင့် ဂေါ်ဒူကျေးရွာတွင် ဓနိမိုး၊ ဓနိကာ၊ ဝါးခင်း လူနေအိမ် (၁၂)လုံး ယိုင်နဲ့ ပျက်စီးခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ (၆)သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် လေပြင်းတိုက်ခတ်မှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက် သေကြေပျက်စီးမှု မရှိကြောင်း သိရသည်။
သဘာဝဘေးကြောင့် ပျက်စီးသွားသော အိမ်ထောင်စု(၁၂)စုတွင် လူဦးရေ ကျား(၃၇)ဦး၊ မ(၃၁)ဦး၊ ပေါင်း(၆၈ )ဦးတို့မှာ ဂေါ်ဒူကျေးရွာ၊ အမက ကျောင်းတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း သိရသည်။
အလားတူ ဘဝသစ်ကျေးရွာအုပ်စု၊ ထောင်ကြီးတန်းကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်အချိန် မိုးသက် လေပြင်းတိုက်ခတ်ပြီး ဒီရေမြင့်တက်မှုကြောင့် ဓနိမိုး၊ ဓနိကာ၊ ပျဉ်ခင်း လူနေအိမ် (၁၄)လုံး နေအိမ်ကြမ်းခင်း သဲဖုံးခြင်း၊ အမိုးလန်ခြင်းများဖြစ်ခဲ့ပြီး ခန့်မှန်းတန်ဖိုးငွေ (၃၁)သိန်းခန့် ဆုံးရှုံးခဲ့ကြောင်းနှင့် လူ၊ တိရစ္ဆာန် ထိခိုက်သေကြေမှု မရှိကြောင်း သိရသည်။
ပျက်စီးသွားသော အိမ်ထောင်စု(၁၄)စုတွင် ကျား(၃၄)ဦး၊ မ(၃၃)ဦး၊ ပေါင်း(၆၇)ဦးတို့မှာ ၎င်းတို့၏ ဆွေမျိုးများထံတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်းနှင့် ပင်လယ်ကမ်းစပ်တွင် နေထိုင်သော အိမ်ထောင်စုများ အနေဖြင့် ပင်လယ်ဒီရေ မြင့်တက်၍ ရေလှိုင်းရိုက်ခတ်နိုင်သဖြင့် ဘေးလွတ်ရာတွင် ပြောင်းရွှေ့နေထိုင်နိုင်ရေး ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှသူများမှ ပင်လယ်ကမ်းစပ်နေ အိမ်ထောင်စုများအား နှိုးဆော်အသိပေး ဆောင်ရွက်ထားကြောင်း သိရသည်။
နော်လေး(အမာ)