ပဲခူး နိုဝင်ဘာ ၂၁
အပြည်ပြည်ဆိုင်ရာကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယမန်နေ့နံနက်ပိုင်းက ပဲခူးမြို့ ရန်ကုန်-မန္တလေးကားလမ်း နာရီစဉ်ပန်းခြံရှေ့တွင် ပဲခူးတိုင်းဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်ပြုံး ဦးဆောင်သည့်ဝန်ထမ်းများ၊ တိုင်းဒေသကြီး ကြက်ခြေနီကြီးကြပ်မှုကော်မတီဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းပြီး မြန်မာနိုင်ငံကြက်ခြေနီအသင်းမှပေးပို့သည့် ကလေးသူငယ်များအတွက် အသိပညာပေးလက်ကမ်းစာအုပ်များနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေးများ၏ အနာဂတ်ဘဝ ပိုမိုတောက်ပစေနိုင်ရေး၊ ကလေးများကို ကာကွယ်မှု အပြည့်အဝပေးနိုင်ရေး၊ ကလေးများ၏အခွင့်အရေး ပိုမိုရရှိနိုင်ရေး၊ ကလေးများ ရင်ဆိုင်ကြုံတွေ့ရတတ်သည့် အခက်အခဲများကို အတူတကွ ဖြေရှင်းနိုင်ရေးတို့အတွက် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း အထိမ်းအမှတ်အခမ်းအနားများ ကျင်းပ ပြုလုပ်ကြကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ခရိုင်၊ ပြန်/ဆက်)