ပုလောမြို့နယ်၌ (စတုထ္ထအကြိမ်)  စိုက်ပျိုးရေးသုံး ယူရီးယားဓါတ်မြေသြဇာအိတ် (၄၀၀)ကို စျေးနှုန်း ချိုသာစွာ ဖြန့်ဖြူးရောင်းချ

ပုလော   နိုဝင်ဘာလ  ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့နယ်၌  ၂၀၂၂ခုနှစ်၊ စပါးစိုက်ပျိုး တောင်သူများအား (စတုတ္ထအကြိမ်) ယူရီးယားဓါတ်မြေသြဇာများ စျေးနှုန်းချိုသာစွာဖြန့်ဖြူးပေးအပ်ခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲ၌ ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြန့်ဖြူးရောင်းချခြင်းအခမ်းအနားတွင် ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက  နိုင်ငံ တော်မှစျေးနှုန်းချိုသာစွာ ရောင်းချပေးသော ယူရီးယား ဓါတ်မြေသြဇာများကို စနစ်တကျ အကျိုးရှိစွာ အသုံးချရန်၊ သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေး ဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ  မျိုးကောင်းမျိုးသန့်များကိုရွေးချယ်၍ နည်းမှန်၊ လမ်းမှန်ဖြင့် စိုက်ပျိုးခြင်းဖြင့် မိမိတို့ဝင်ငွေ တိုးတက်ရေးကို ကြိုးစားဆောင်ရွက်ရန် အဖွင့်မှာစကား ပြောကြားခဲ့သည်။

ပုလောမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ၂၀၂၂ခုနှစ်၊ စပါးစိုက်ပျိုး တောင်သူများကို တစ်ဧကလျှင် တစ်အိတ်နှုန်းဖြင့် အိတ်ရေ (၁၂၀၀)ကို ဖြန့်ဖြူးရောင်းချပေးနိုင်ခဲ့ပြီး၊ စတုတ္ထအကြိမ်တွင် အိတ် ၄၀၀ ကိုထပ်မံ ဖြန့်ဖြူး ရောင်းချပေးခဲ့ရာ စုစုပေါင်း အိတ် ၁၆၀၀ ကို ဖြန့်ဖြူး ရောင်းချပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

စိုက်ပျိုးသူ တောင်သူများ အနေဖြင့် အသီးနှံဖြစ်ထွန်းအောင်မြင်စေဖို့ ဓာတ်မြေဩဇာသည် မရှိမ ဖြစ်သော အစာတစ်ခုဖြစ်ကြောင်း၊ ယူရီး ယားဓါတ်မြေသြဇာကို ပြင်ပ၌ တစ်အိတ်လျှင် ၁ သိန်းကျော်ပေးဝယ်ရကြောင်း ယခုလို နိုင်ငံတော်မှ ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့အတွက် များစွာကျေးဇူးတင်ဝမ်းမြောက်မိကြောင်းနှင့် စိုက်ပျိုးသူ တောင်သူများအားလုံး  ဓာတ်မြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး ထပ်မံဖြည့်တင်းပေးစေလိုကြောင်း တောင်သူဦးအောင်ထွန်းက ဆွေးနွေးပြောကြားခဲ့သည်။

အေးအေးမော်(ပုလော)