ကော့သောင်းမြို့တွင် အပူပိုင်းမုန်တိုင်း နို(လ်) NOUL အရှိန်ကြောင့် မိုးသည်းထန်လေပြင်းတိုက် ခတ်သဖြင့် သစ်ပင်ပြိုလဲကာ နေအိမ်တစ်ချို့ပျက်စီး

ကော့သောင်း စက်တင်ဘာ ၂၁

ကော့သောင်းမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်း တိုက်ခတ်သဖြင့် သစ်ပင်များပြိုလဲကာ စက်တင်ဘာလ ၁၉နေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက် တစ်ချို့နှင့် ကျေးရွာတစ်ချို့ရှိလူနေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် ခဲ့ပြီး မြို့အတွင်းရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ကြောင်းသိရသည်။

အဆိုပါနေ့ က အပူပိုင်းမုန်တိုင်း နို(လ်) NOUL အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းကာ ပင်လယ်ဒီရေတက်ချိန်နှင့် တိုက်ဆိုင်မှုကြောင့် ကော့သောင်းမြို့ကမ်းနားလမ်း၊ ဆိပ်ကမ်းသာပန်းခြံအတွင်း ဒီရေမြှင့်တက်လာပြီး ပန်းခြံနှင့် ကလေးကစားကွင်းအတွင်း ရေလွှမ်းမှုများဖြစ်ပေါ်ခဲ့ပြီး ကော့သောင်းမြို့၊ရွှေပြည်သာရပ်ကွက်၊ မြို့ပတ်လမ်းဘေး လမ်းပေါ်သို့ သစ်ပင်ကြီးတစ်ပင်အမြစ်မှ ကျွတ်ထွက်ပြိုလဲကာ လမ်းတဖက်ခြမ်းရှိ နေအိမ်တစ်ဆောင်၏အရှေ့ပိုင်းအားပိမိ၍ နေအိမ်ရှေ့ပိုင်း ပျက်စီးခြင်း၊ လေပြင်းတိုက်ခတ်သဖြင့် သီရိမြိုင်ရပ်ကွက် ၊ ဗိုလ်အောင်ကျော်လမ်း တွင် နေအိမ်တစ်ချို့ အမိုးလှန်ပျက်စီးခြင်း၊ ပင်လယ်လှိုင်းရိုက်ခတ်မှုကြောင့် သီရိမြိုင်ရပ်ကွက်ရှိ မြို့ဦးစေတီတော်ရင်ပြင်ကြွေပြားများ ကွဲအက်ပျက်စီးခြင်း အလားတူ ချန်းဖန်းကျေးရွာ၊ကမ်းနားပိုင်းတွင် ပင်လယ်ဒီရေလှိုင်းများရိုက်ခတ်ကာ  နေအိမ် တစ်ချို့ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့ရခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်များဖြစ်ပွားရာသို့ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ၊မြို့နယ် မီးသတ်တပ်ဖွဲ့ဝင် များ၊ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ အပျက်အစီးများအား ရှင်းလင်းကူညီကယ်ဆယ်မှုလုပ်ငန်းများ ဆောလျင်စွာဆောင်ရွက်ပေးခဲ့ကြပြီး ၊ ကော့သောင်းခရိုင် သဘာဝဘေး စီမံ ခန့်ခွဲမှု ကော်မတီ၏ဦးဆောင်မှုဖြင့် ကော့သောင်းခရိုင်၊သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနမှ ပျက်စီး ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ရသည့်  အိမ်ထောင်စုများကို ထောက်ပံ့ ကူညီမှုများ ဆက်လက်လုပ်ဆောင် လျက်ရှိကြောင်းသိရသည်။

ကျော်စိုး (ကော့သောင်း)