သံတောင်ကြီးမြို့နယ် ကော်ပတ်ခြံကျေးရွာတွင် မြစိမ်းရောင်ရန်ပုံငွေများ ပြန်လည်ထုတ်ချေးပေး

သံတောင်ကြီး နိုဝင်ဘာ ၂၁

ကရင်ပြည်နယ် ၊ ဘားအံခရိုင် ၊ သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ  စတင်ပြီး မြစိမ်းရောင်စီမံကိန်းဖြင့် ကျေးရွာများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက မြစိမ်းရောင်ရန်ပုံ‌ငွေ ထုတ်ချေးခြင်းကို ဇလဲကျေးရွာအုပ်စု ၊ ကော်ပတ်ခြံကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြစိမ်းရောင်ရန်ပုံ‌ငွေ ထုတ်ချေးပေးရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးချမ်းငြိမ်းဝင်းက မြစိမ်းရောင်စီမံကိန်း ကော်မတီဝင်များ   အချင်းချင်းစည်းလုံး ညီညွတ်စွာဖြင့် စီမံကိန်းလုပ်ငန်းများ  ဆက်လက်အောင်မြင်အောင် ဆောင်ရွက်ကြရန်၊  စာရင်းဇယားများ ပြည့်စုံအောင် ဖြည့်သွင်းထားရန်၊ အသင်းသားများကလည်း  ချေးငွေဖြင့် လုပ်ငန်းများ အမှန်တကယ် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်၊ သတ်မှတ်ကာလအတွင်း အရင်းနှင့်အတိုးများ ပြန်လည်ပေးဆပ်ကြရန်ပြောကြားခဲ့ပြီး မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များမှ အသင်းသားများအား ရန်ပုံငွေများ ပြန်လည် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

အဆိုပါ  မြစိမ်းရောင်ရန်ပုံငွေဖြင့် ကော်ပတ်ခြံကျေးရွာတွင် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ အသင်းသား(၃၈)ဦးအတွက် ငွေကျပ်(၂၆၉)သိန်း မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူအသင်းသား (၁)ဦးအတွက်ငွေကျပ် (၁၀)သိန်း၊ ရောင်းဝယ်ရေးလုပ်ငန်း လုပ်ကိုင်သူအသင်းသား  (၂၃)ဦး အတွက်  ငွေကျပ်(၂၃၁)သိန်း စုစုပေါင်း ငွေကျပ်(၅၁၀)သိန်းအား    ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

နော်နော်မူ