ငွေဆောင် နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့အတွင်းရှိ ပြည်သူများနှင့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ ရေယာဉ်(သံလွင်)မှ နယ်လှည့်အထူးကုဆေးအဖွဲ့အား ယနေ့နံနက်၇း၃၀အချိန်တွင် ငွေဆောင်မြို့တိုက်နယ်ဆေးရုံ အဝင်လမ်းနေရာမှ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
တပ်မတော်ပင်လယ်သွားဆေးရုံ(သံလွင်)မှ ဆေးတပ်ဖွဲ့တို့သည် ငွေဆောင်မြို့တိုက်နယ်ဆေးရုံတွင် ဒေသခံပြည်သူများအား နိုဝင်ဘာ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အထိ ၂ ရက်ကြာ ကုသဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ အထွေထွေရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား/ မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ၊ မျက်စိရောဂါနှင့် သွားနှင့်ခံတွင်းရောဂါများ စသည့်ရောဂါများကိုလိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့အပြင်ခွဲစိတ်ကုသရန် လိုအပ်သူများ၊ အကြီးစားခွဲစိတ်လူနာများ၊ မျက်စိခွဲစိတ်လူနာများကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ECG ဖြင့်နှလုံးစမ်းသပ်ခြင်း၊ အာထရာဆောင်းဖြင့်စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါရှာဖွေကုသပေးခြင်းများ ဆောင်ရွက်သွားနိုင်မည်ဖြစ်ပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအားတပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးများ စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကျော်လင်းဦး(ပြန်/ဆက်)