ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မတူပီမြို့ရှိ အ.ထ.က (၂) တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုကာ ဆရာ၊ ဆရာမများတွေ့ဆုံ အားပေး၊ မင်းတပ်နှင့် ပလက်ဝမြို့ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ ဘာသာရေးခေါင်းဆောင်များန

ဟားခါး နိုဝင်ဘာ ၂၀

ချင်းပြည်နယ်၊ မတူပီမြို့တွင် ရောက်ရှိနေသည့် ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်အဖွဲ့သည် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းက အမှတ် (၂) အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေးကာ ကျောင်းသား၊ ကျောင်းသူများ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါကျောင်းရှိ စာသင်ခန်းများသို့ သွားရောက်ပြီး  ကျောင်းသား၊ ကျောင်းသူ အနေဖြင့် စာကြိုးစားရန်လိုသလို ရိုးသားဖြောင့်မတ်ရန်လိုကြောင်း၊ စာမေးပွဲ ဖြေဆိုရာတွင်လည်း စာမခိုးဘဲ ရိုးရိုးသားသားဖြေဆိုရန်လိုကြောင်း ၊ စာဘယ်လောက်တော်နေပါစေ စိတ်ဓာတ်မကောင်းပါက အချည်းနှီးဖြစ်ပါကြောင်း၊ ဒါကြောင့် စိတ်ထားကောင်းဖို့က ပထမ၊ ပညာတတ်ဖို့က ဒုတိယဖြစ်ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းပြင်ပအချိန်မှာလည်း မိဘအလုပ်ကို ခိုင်းမှမဟုတ်ဘဲ ကိုယ့်အသိစိတ် ဖြင့် ဝိုင်းဝန်းကူညီရန် လိုအပ်ကြောင်း၊ သို့မှသာ အသက်ကြီးလာ၍ လုပ်ငန်းခွင်ဝင်ရောက် နေသည့်အချိန်တွင် လုပ်ငန်းကျွမ်းကျင်ပြီး တီထွင်ကြံဆလုပ်ကိုင် တတ်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

ယင်းနောက် အခြေခံပညာအထက်တန်းကျောင်း ခန်းမဆောင်၌ ဆရာ၊ ဆရာမများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဆရာ၊ ဆရာမများအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ စိတ်ထားကောင်းဖို့ ပထမ၊ ပညာတတ်ဖို့က ဒုတိယထားပြီး လေ့ကျင့် သင်ကြားပေးရန်လိုကြောင်း အမှာစကားပြောကြားသည်။ 

ထို့နောက် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက အမှာစကားပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် သယံဇာတရေးရာဝန်ကြီးတို့က ဆရာ၊ ဆရာမများအတွက် အခြေခ ံစားသောက်ကုန်ပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အမျိုးသားသဘာဝ ဘေးအန္တရာယ်စီမံခွဲ့ခွဲရေးကော်မတီ၏ ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် မာရာနှစ်ခြင်းဘုရားကျောင်း ကျောက်စီမြေထိန်းနံရံ ဆောင်ရွက်မည့်နေရာကို ကြည့်ရှုစစ်ဆေးကာ လိုအပ်ချက်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၁၀ နာရီခွဲတွင် မတူပီမြို့မှ မင်းတပ်မြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ရောက်ရှိကြပြီး မင်းတပ်မြို့ နယ်မြေခံတပ်ရင်းခန်းမတွင် ခရိုင်၊ မြို့နယ်ဌာနတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များ နှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

အဆိုပါ တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် နိုင်ငံ့ဝန်ထမ်းများသည် အစိုးရ၏ မူဝါဒများကို အကောင်အထည်ဖော်ဆောင်ရွက်နေသည့် ဝန်ထမ်းများဖြစ်သည်နှင့်အညီ ပြည်သူလူထုကို  အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်ရန် အရေးကြီးကြောင်း၊ မိမိတို့ ချင်းပြည်နယ်သည် သဘာဝတောတောင်အလှအပများ ပိုင်ဆိုင်ထားသည့် ပြည်နယ်ဖြစ်သည့်အတွက် သဘာဝကိုအခြေခံသည့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း၊ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စိုက်ပျိုး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေးအတွက် ရင်းနှီးမြှပ်နှံလိုသည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်၍ ပူးပေါင်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်းဖြင့် အမှာစကားပြောကြားပြီး အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က လုံခြုံရေးဆိုင်ရာနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် မင်းတပ်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမျိုးသန်းက မင်းတပ်ခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးမင်းအုန်း၊ ပြည်နယ်ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦးနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်က ပေးအပ်ရာ ခရိုင်ရဲတပ်ဖွဲ့မှူးက လည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးကလည်းကောင်း အသီးသီးလက်ခံရယူကြသည်။

ထို့နောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများအတွက် အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက အသီးသီးလက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်းလွဲပိုင်းတွင် မင်းတပ်မြို့မှ ပလက်ဝမြို့သို့ တပ်မတော်ရဟတ်ယာဉ်ဖြင့် ရောက်ရှိကြပြီး ပလက်ဝမြို့ နယ်မြေခံတပ်ရင်းခန်းမတွင် ခရိုင် ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားရာတွင် ဒေသခံပြည်သူများ၏ အသံကို နားထောင်ရန်၊ ဆောင်ရွက်ပေးနိုင်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရန်နှင့် ပလက်ဝခရိုင်တွင် စေတနာထားပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို အားပေးရန် လာရောက်ခြင်းဖြစ်ကြောင်း၊ ဒေသ၏ လူမှုစီးပွားဖွံ့ဖြိုးရေးအတွက် ခွဲဝေရရှိသည့် ရန်ပုံငွေများကို အကျိုးရှိရှိနှင့် သတ်မှတ်ကာလအတွင်းလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့် အစေခံခေါင်းဆောင် စိတ်ဓာတ်ကို နှလုံးမူခံယူ၍ ပြည်သူကိုအကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်လိုကြောင်း၊ တစ်ဖက်တွင် ဒေသဖွံ့ဖြိုးတိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသကဲ့သို့ ပြည်သူများ၏ လူမှုစီးပွားဘဝ ဘက်စုံမြှင့်တင်ပေးနိုင်ရေးအတွက် အသိပညာကို အခြေခံသည့် လူမှုအဖွဲ့အစည်း (Knowledge Base Society) များဖြစ်လာရေးအတွက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဘာသာရေး ခေါင်းဆောင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြပါရန် အမှာစကားပြောကြား သည်။

ထို့နောက် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပလက်ဝခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေးနှင့် လူမှုရေးဆိုင်ရာများကို ရှင်းလင်း တင်ပြပြီး တက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများက ပလက်ဝခရိုင်အတွက် ဖြည့်ဆည်းဆောင်ရွက် ပေးစေလိုသည့် အချက်များကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများအတွက် အခြေခံ စားသောက်ကုန်များပေးအပ်ရာ ခေတ္တ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လည်းကောင်း၊ အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ်၊ တပ်မမှူး ဗိုလ်မှူးချုပ် စိုးမင်းက အားကစားပစ္စည်း များကို ပေးအပ်ရာ ခရိုင်ရဲတပ်ဖွဲ့မှူးက လည်းကောင်း ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက အခြေခံ စားသောက်ကုန် များကို ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လည်းကောင်း အသီးသီးလက်ခံ ရယူကြသည်။

ထို့နောက် ပြည်နယ်အုပ်ချုပ်ရေးမှူးက ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများအတွက် အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ရာ ခရိုင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့က လက်ခံရယူကြသည်။

ယင်းနောက် တင်ပြချက်များအပေါ် ပြည်နယ်ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးမင်းအုန်း၊ သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်တို့က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် ( ပြန် / ဆက် )