ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် မတူပီမြို့ရှိ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်မှာကြား

ဟားခါး နိုဝင်ဘာ ၂၀

ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်နှင့်အဖွဲ့သည် နိုဝင်ဘာ ၁၇ ရက် မွန်းလွဲပိုင်းက တပ်မတော် ရဟတ်ယာဉ်ဖြင့် မတူပီမြို့သို့ ရောက်ရှိကြပြီး နယ်မြေခံတပ်နယ်ရှိ နတ်မတောင်ရိပ်သာခန်းမ၌ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊ မြို့မိမြို့ဖများ ၊ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အမှာစကားပြောကြားရာတွင် ဒေသခံ ပြည်သူများ၏ အသံကိုနားထောင်ရန် ဆောင်ရွက်ပေးနိုင်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များကို ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန်နှင့် မတူပီခရိုင်တွင် စေတနာထားပြီး တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများကို အားပေးရန်လာရောက်ခြင်းဖြစ်ကြောင်း၊ မတူပီခရိုင်သည် စံပြခရိုင်ဖြစ်ရန် ဆက်လက်ပူးပေါင်း ဆောင်ရွက် စေလိုကြောင်းနှင့် ဆောင်ရွက်နိုင်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်ကြရန်လိုကြောင်း၊ စားနပ်ရိက္ခာ ဖူလုံစွာရရှိရေးအတွက် အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်စပါးများ စိုက်ပျိုးရန်လိုကြောင်း၊ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိရေးအတွက် ကြိုတင်ပြင်ဆင်ရွက်သွားရန်လိုကြောင်၊ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးမရရှိနိုင်သည့် ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် အသေးစားရေအား လျှပ်စစ်ထုတ်လုပ်နိုင်သည့် ရေအရင်းအမြစ်များ ရှာဖွေဖော်ထုတ်ရန်လိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ ငယ်ရွယ်စဉ်ကပင် လိမ္မာရေးခြားရှိစေရေး၊ ကိုယ်ကျင့်တရား ကောင်းမွန်ရေးနှင့် ရိုးသားဖြောင့်မတ်ရေးအတွက် ပြည်သူ့နီတိကဲ့သို့ အသိပညာများကို စာသင်ကျောင်းများမှတစ်ဆင့် အသိပညာပေးရန်လိုအပ်ကြောင်းနှင့် တက်ရောက်လာကြသူများ အနေဖြင့် တင်ပြလိုသည့်အချက်များကို ပွင့်ပွင့်လင်းလင်း တင်ပြစေလိုကြောင်းဖြင့် အမှာစကား ပြောကြားသည်။

ဆက်လက်၍ အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် မျိုးထွဋ်လှိုင်က နယ်မြေအေးချမ်းသာယာပြီး တရားဥပဒေ စိုးမိုးမှုရှိမှသာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အပြည့်အဝဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ နယ်မြေအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် စေတနာမှန်ကန်စွာဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်နှင့် လုံခြုံရေးဆိုင်ရာများနှင့်ပတ်သက်၍ အမှာစကားပြောကြား သည်။

ထို့နောက် မတူပီခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းက မတူပီခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး မြို့မိမြို့ဖ ဦးလျန်ထန်းနှင့် သိက္ခာတော်ရ ဆရာတော် ဒေါက်တာဗျက်ဆွန်းတို့က ဒေသဆိုင််ရာလိုအပ်ချက်များကို ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ရသုံးမှန်းခြေ ငွေစာရင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်ဇင်ဦး ပြည်နယ် ဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး၊ ညွှန်ကြားရေးမှူး ဦးစိုးမင်းအုန်းနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်မျိုးဦးတို့က ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က မြို့မမြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များအား အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများအတွက် အခြေခံစားသောက်ကုန်များကို ပြည်နယ်ဝန်ကြီးချုပ် က ထောက်ပံ့ပေးအပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် က ပေးအပ်ရာ ခရိုင်ရဲတပ်ဖွဲ့မှူး ကလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးမောင်မောင်ဆန်းက ပေးအပ်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ကလည်းကောင်း လက်ခံရယူကြသည်။ ဆက်လက်၍ ပြည်နယ်အုပ်ချုပ်ရေးမှူးက ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဝန်ထမ်းများအတွက် အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ဘာသာရေးခေါင်းဆောင်များ၏ တင်ပြချက်များအပေါ် အနောက်မြောက်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့်  ပြည်နယ်ဝန်ကြီးချုပ်တို့က ရှင်းလင်းဆွေးနွေးပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က  နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ် ( ပြန် / ဆက် )