ပေါင်းတည် နိုဝင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်တွင် လူဦးရေနှင့်အိမ်ထောင်စုစာရင်း တိကျမှန်ကန်ရေးအတွက် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ရွှေတည် (၂ )ကွက်သစ်သို့ မြေပြင်ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသန့်နှင့် အဖွဲ့ဝင်များ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိနှင့်တာဝန်ရှိ ဝန်ထမ်းများ၊ နွယ်ချို(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များက ရပ်ကွက်အတွင်းရှိ ပြည်သူများ အခွင့်အရေးများ မဆုံးရှုံးစေရန် လူဦးရေနှင့်အိမ်ထောင်စုစာရင်းများကို တိုက်ဆိုင်စစ်ဆေးခြင်း၊ လိုအပ်သူများကို နေ့ချင်းပြီး ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုစာရင်းရှိ လူဦးရေအဝင်အထွက်နှင့် ဖွားသေစာရင်းများကို မြေပြင်စာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းများ စိစစ်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယင်းစိစစ်ခြင်းလုပ်ငန်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာအုပ်စုများသို့ တာဝန်ရှိ အုပ်ချုပ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာဝန်ထမ်းများက အရှိန်အဟုန်မြှင့်၍ မြေပြင်ကွင်းဆင်းစိစစ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သူရကြီး (ပြန်/ဆက်)