ပွင့်ဖြူမြို့နယ် ဒေးဒရဲ‌ကျေးရွာတွင် ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အသိပညာပေးဆွေးနွေး

ပွင့်ဖြူ နိုဝင်ဘာ ၂၀

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက်  ယမန်နေ့ ညနေ ၃ နာရီက  မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် လက်ခုပ်ကျေးရွာအုပ်စု၊ ဒေး‌ဒရဲကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ရာတွင် ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်က ဒေသခံကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးစေရေးနှင့် နယ်မြေတည်ငြိမ်အေးချမ်းစေရေးအတွက် ကွင်းဆင်း အသိပညာပေး ဆွေးနွေးရခြင်းဖြစ်ကြောင်း၊ ကျေးရွာနေပြည်သူများအနေဖြင့် မိမိရပ်ရွာလုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြစေလိုကြောင်း၊ မိမိတို့မြို့နယ်သည် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ထွန်းအောင်မြင်သည့် အတွက် ဒေသခံတောင်သူများ အနေဖြင့် စားနပ်ရိက္ခာ ဖူလုံစေရေးအတွက် ဆန်စပါးအပြင်  တောင်သူတစ်ဦးချင်း သီးနှံဝင်ငွေ တိုးပွားစေမည့် ဆီထွက်သီးနှံနေကြာစိုက်ပျိုးရေးကို ပိုမိုတိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြစေလိုကြောင်း၊ ကျန်းမာရေးကဏ္ဍ အနေဖြင့် ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် Booster Dose  ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးခြင်းလုပ်ငန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာများအရောက် နေ့စဉ်ထိုးနှံ ပေးလျက်ရှိပြီး မိမိတို့ရပ်ရွာတွင် ထပ်ဆောင်းကာကွယ်ဆေး မထိုးနှံရသေးသူများရှိပါက မဖြစ်မနေ ထိုးနှံသွားကြစေလိုကြောင်း၊ သက်ဆိုင်ရာဌာနများနှင့် မိမိရပ်ရွာအတွက် ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင် ကြောင်း  ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ ဌာနဆိုင်ရာတာဝန်ရှိသူများက ပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး ဖြည့်ဆည်းဆောင်ရွက် ပေးရမည့်ကိစ္စရပ်များအပေါ် ရှင်းလင်းဆွေးနွေး ပြောကြားကာ ကျေးရွာနေပြည်သူများ၏ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြသည်။ 

လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )