သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်

ဘားအံ နိုဝင်ဘာ ၂၀

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီခန့်က ဘားအံမြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဖွင့်လှစ်ပို့ချပေးလျက်ရှိရာ ပြည်နယ်အတွင်းရှိ အထက်တန်းဆင့်သင် ဆရာ၊ ဆရာမ ၁၈၀ ဦးခန့် တက်ရောက်လျက်ရှိပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ် ခဲ့သည်။

သင်တန်းတွင် ပြည်နယ်ဝန်ကြီးချုပ်က အရည်အသွေးပြည့်ဝသော ပညာရေးစနစ် ပေါ်ထွန်းစေရန် အခြေခံပညာ သင်ရိုးညွှန်းတမ်းများကို ၂၁ ရာစု အသိပညာနှင့် ကျွမ်းကျင်မှုများ အလေးပေးကာ ပြန်လည်ပြုပြင်မွမ်းမံ၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သင်ကြားသင်ယူမှု ဖြစ်စဉ်အရ တီထွင်ဖန်တီးသည့်အဆင့် ရောက်ရှိအောင် သင်ကြားပေးနိုင်ရေးသည် ယခုကဲ့သို့ သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချမှုမှာ လွန်စွာအရေးကြီးပြီး လက်တွေ့ လုပ်ဆောင်ခြင်းကြောင့် သင်ယူမည့်အကြောင်းအရာ၏ ၇၅ ရာခိုင်နှုန်းကျော်ကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရရှိစေမည်ဖြစ်သည့်အတွက် စနစ်သစ်ပညာရေး၏ ရည်မှန်းချက်များ အောင်မြင်စေရန် အထောက်အကူ ပေးနိုင်မည်ဖြစ်ကြောင်း အမှာစကား ပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် ကရင်ပြည်နယ် ပညာရေးမှူးရုံး ညွှန်ကြားရေးမှူးက အခြေခံပညာအထက်တန်းဆင့်သင် ဆရာ၊ ဆရာမများအား သင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က နည်းပြနှင့် သင်တန်းသား၊ သင်တန်းသူများအား ငွေကျပ် ၁၉ သိန်းကို ထောက်ပံ့ပေးအပ်သည်။

ယင်းနောက် သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းသား၊ သင်တန်းသူ များအား ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကားပြောကြားပြီး သင်ထောက်ကူပစ္စည်းများ အသုံးပြု၍ လက်တွေ့ သင်ကြားပို့ချနေမှုများအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ဘာသာရပ်အလိုက် လက်တွေ့သင်တန်းများအနေဖြင့် အခြေခံပညာအထက်တန်းဆင့် Grade-10, Grade-11 ဓာတုဗေဒဘာသာရပ်သင် ဆရာ၊ ဆရာမများအား နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့ထိ သင်ကြားပို့ချပေးခဲ့ပြီး ရူပဗေဒဘာသာရပ်ကို နိုဝင်ဘာ ၁၉ မှ ၂၀ ထိ လည်းကောင်း၊ ဇီဝဗေဒဘာသာရပ်ကို နိုဝင်ဘာ ၂၆ မှ ၂၇ ထိ လည်းကောင်း ပို့ချပေးသွားမည်ဖြစ်သည်။

အလားတူ ကရင်ပြည်နယ်၏မြို့တော် ဘားအံမြို့အား သန့်ရှင်းသာယာလှပသော အစိမ်းရောင်မြို့တော် (Green City, Clean City) ဖြစ်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် မြို့တော်အင်္ဂါရပ်များနှင့်အညီ သန့်ရှင်းသာယာလှပစေရေးအတွက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ        နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက်နေ ပြည်သူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာန ဆိုင်ရာတာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၄) အခြေခံပညာမူလတန်းလွန်ကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) တို့တွင် ပြည်နယ်စီးပွားရေးရာဝန်ကြီးဌာန လက်အောက်ရှိ ဌာနဆိုင်ရာဝန်ထမ်းများ၊  ရပ်ကွက်နေ ပြည်သူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ပြီး အဆိုပါ ကျောင်းများရှိ စာသင်ခန်း၊ စာသင်ဆောင်၊ ပရိဘောဂ၊ အားကစားကွင်း၊ သန့်စင်ခန်း၊ ဆရာ/မ နေအိမ်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)