ပန်းတနော် နိုဝင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် ဧရာဝတီမြစ်ရေပြန်ကျပြီး မြစ်ကမ်းပါးပြိုကျမှုကြောင့် ယမန်နေ့ နံနက် ၉ နာရီက မြစ်ကမ်းနှင့်နီးသော တောကျောင်းကျေးရွာအုပ်စုတွင် နေအိမ် (၁၅) လုံး ကြိုတင်ပြောင်းရွေ့ခဲ့ရသည်။
အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် တောကျောင်းကျေးရွာအုပ်စု ပေါက်ချောင်းကျေးရွာတွင် နေအိမ် (၃)လုံး၊ အိမ်ထောင်စု (၃)စု၊ ကျောင်းတော်ကလေးကျေးရွာတွင် နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စု၊ တောကျောင်းအထက် ကျေးရွာတွင် နေအိမ် (၇)လုံး၊ အိမ်ထောင်စု (၇)စုနှင့် နံဂါတ်ရိုးကျေးရွာတွင် နေအိမ်(၃)လုံး၊ အိမ်ထောင်စု (၃)စု စုစုပေါင်း လူနေအိမ် (၁၅)လုံးတို့အား ကမ်းလွတ်ရာဖြစ်သော နီးစပ်သည့် ဆွေမျိုးသားချင်းနေအိမ်များတွင် ယာယီပြောင်းရွေ့ နေထိုင်လျက်ရှိပြီး ကမ်းလွတ်သည့် မြေကွက်များပေါ်သို့ အိမ်များ ပြန်လည်ဆောက်လုပ်ရန် ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည့်ဖြိုးကျော်(ပြန်/ ဆက်)