ကြို့ပင်ကောက် နိုဝင်ဘာ ၁၉
ပဲခူးတိုင်းဒေသကြီး ကြို့ပင်ကောက်မြို့တွင် မြို့မဈေးအတွင်း ပွင့်လင်းရာသီ မီးဘေအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် တာဝန်ရှိသူများပူးပေါင်း၍ စစ်ဆေးခြင်းကို နိုဝင်ဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
မြို့မဈေးအတွင်း ထားရှိသော မီးသတ်ဆေးဘူးများ သက်တမ်းလွန်ခြင်းရှိမရှိ၊ လျှပ်စစ်ဝါယာကြိုးများ မိန်းခုံများ ကြံခိုင်မှုရှိမရှိ၊ ရေစုပ်စက်နှင့်ရေပိုက်ခေါင်းများ ကောင်းမွန်ခြင်းရှိမရှိတို့ကို မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမင်းနိုင်နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များ၊ ဈေးရောင်ချနေသောဈေးသည်များ ပူးပေါင်း၍ စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ပြီး မီးဘေအန္တရာယ်ကြုံတွေ့လာပါက အချိန်နှင့်တစ်ပြေးညီ မီးငြိမ်းသတ်နိုင်ရေးတို့အတွက် ဈေးသူဈေးသားများအား အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရသည်။
မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ကြံ့ခိုင်မှုရှိမရှိစစ်ဆေးခြင်းများကို ဆောင်ရွက်ပြီး နောက်တစ်ပတ်အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဈေးသူဈေးသားများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)