မြင်းမူ နိုဝင်ဘာ ၁၉
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်တွင် ဒေသခံတောင်သူများ စိုက်ပျိုးထားရှိသည့် ချည်မျှင်ရှည်ဝါများ စတင်ကောက်ယူရောင်းချလျက်ရှိရာ ယမန်နှစ်ထက် ဈေးအနည်းငယ်ပိုမိုရရှိသည့်အတွက် တောင်သူများအတွက် အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
မြင်းမူမြို့နယ်တွင် ယမန်နှစ်က ဝါစိုက်ဧက(၁၇၄၀၀)သာရှိခဲ့သော်လည်း ယခုနှစ်တွင် (၁၇၄၄၁)ဧက စိုက်ပျိုးနိုင်သည့်အတွက် (၄၁)ဧက ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ ဝါထွက်နှုန်း အနေဖြင့် ပျှမ်းမျှအားဖြင့်(၁)ဧကလျှင် ပိဿာ(၆၅၀)မှ(၇၀၀)ထိထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံမှ သိရှိရသည်။
ဝါများကို ဇူလိုင်လနှင့်ဩဂုတ်လများတွင် စိုက်ပျိုးပြီး နိုဝင်ဘာလနှင့်အောက်တိုဘာလတွင် ဝါများကောက်ယူရကြောင်း၊ ဝါ(၁)ဧကကုန်ကျစရိတ်အနေဖြင့် (၅)သိန်းခန့်ကုန်ကျကြောင်း၊ ပထမအကြိမ်ကောက်ယူရောင်းချပြီးခဲ့ရာ (၁)ပိဿာလျှင် ငွေကျပ်(၂၇၀၀) ဈေးရရှိခဲ့ပြီး လာမည့်ရက်အနည်းငယ်တွင် ဒုတိယအကြိမ်ကောက်ယူရောင်းချမည်ဖြစ်ကြောင်း၊ လက်ရှိဈေးအတိုင်းရောင်းချသွားရပါက (၁) ဧကထွက်ရှိမည့် ဝါပိသာအချိန်(၆၅၀/၇၀၀)နှင့် တွက်ပါကငွေကျပ်(၁၇)သိန်းကျော်နှင့် (၁၈)သိန်းကျော်ရရှိမည်ဖြစ်ရာ အရင်းနုတ်ပြီး အမြတ်ငွေကျပ် (၁၀)သိန်းကျော်ရမည်ဖြစ်ကြောင်း၊ ဝါစိုက်တောင်သူ ဦးသဲမောင်ထံမှ သိရသည်။ မြင်းမူမြို့နယ်သည် ရှေးယခင်အချိန်ကပင် ဝါကိုအဓိကစိုက်ပျိုးခဲ့သည့်နေရာ ဖြစ်ခဲ့ပြီး ဝါကြိတ်စက် အများအပြားတည်ရှိခဲ့ကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)