ပွင့်ဖြူ နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မစည်ပင်သာယာ ဈေးကြီးတွင် ဈေးသူ ဈေးသားများ သန့်ရှင်းသပ်ရပ်စွာဖြင့် ဈေးရောင်းဈေးဝယ်ပြုလုပ်နိုင်ရန်နှင့် ဈေးရုံအဆောက်အဦ ကြံ့ခိုင်ကောင်းမွန်စေရန် ရည်ရွယ်၍ မြို့မစည်ပင်သာယာဈေးအတွင်းရှိ အမှတ်(၂)ဈေးရုံ အလျား ၁၃၆ ပေ ၊ အနံ ၂၂ ပေ ဈေးရုံအဆောက်အဦကို အသစ်ပြန်လည် ပြုပြင်တည်ဆောက်သွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
မြို့မစည်ပင်သာယာဈေးအတွင်းရှိ ဈေးသူဈေးသားများ သန့်ရှင်းသပ်ရပ်စွာဖြင့် စနစ်တကျ ဈေးရောင်းဈေးဝယ် ပြုလုပ်နိုင်ရေးအတွက် အမှတ်(၂)ဈေးရုံ အဆောက်အဦအား အသစ်ပြန်လည် ပြုပြင်တည်ဆောက်သွားနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်စည်ပင် သာယာရေးအဖွဲ့ရုံးတွင် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်ရာ မြို့နယ်စည်ပင်သာယာရေး ကော်မတီဥက္ကဌ ဦးသန်းထိုက်အောင်က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြု ငွေလုံးငွေရင်းရန်ပုံငွေကျပ် ၄၅ သန်းဖြင့် မြို့မစည်ပင်သာယာဈေးအတွင်း အလျား ၁၃၆ ပေ ၊ အနံ ၂၂ ပေ ရှိ အမှတ်(၂)ဈေးရုံအဆောက်အဦအား အသစ်ပြုပြင် တည်ဆောက်မည့် လုပ်ငန်းများနှင့် စပ်လျဉ်းပြီး အမြန်ဆုံး အကောင်အထည်ဖော် တည်ဆောက်ပြုပြင်နိုင်ရေး သက်ဆိုင်ရာ ဈေးကော်မတီအဖွဲ့ဝင်များနှင့် ဈေးဆိုင်ခန်းရှင်များအနေဖြင့် လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်က ဈေးရုံအဆောက်အဦ အသစ်ပြန်လည်ပြုပြင်တည်ဆောက်ရန်အတွက် လုပ်ငန်းသုံးပစ္စည်း စုဆောင်းထားရှိမှုအခြေအနေနှင့် ဈေးရုံအဆောက်အဦ တည်ဆောက်နေစဉ်ကာလ ဈေးဆိုင်ခန်းရှင်များအတွက် ယာယီဈေးဆိုင်ခန်း ဖွင့်လှစ်ရောင်းချနိုင်ရေး ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ၊ ဈေးမီးဘေးလုံခြုံရေး ကြိုတင်ကာကွယ်ရန်အချက်များ၊ ခေတ်ကာလနှင့် လျော်ညီစွာ ဆိုင်ခန်းငှားရမ်းခစရိတ် ပြင်ဆင်ကောက်ခံသွားမည့်ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး ပြောကြားသည်။
ထို့နောက် အစည်းအဝေး တက်ရောက်လာသည့် ဈေးကော်မတီဝင်များနှင့် ဈေးဆိုင်ခန်းရှင်များက တာဝန်ရှိသူများ၏ ရှင်းလင်းဆွေးနွေးမှုများအပေါ် ပူးပေါင်းပါဝင် ကူညီဆောင်ရွက်ပေးမည့်လုပ်ငန်းများကို အကြံပြုဆွေးနွေး တင်ပြခဲ့ကြပြီး မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)