မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ပင်စင်စားများအား နေ့အလိုက်ထုတ်ပေး

အထက်မင်းလှ  စက်တင်ဘာ  ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့ မြန်မာ့စီးပွားရေးဘဏ်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး ကာလအတွင်း ပင်စင်စားများအတွက် ပင်စင်များကို ယနေ့မှ စတင်၍ လူစုလူဝေး မဖြစ်ပေါ်စေရေး ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်များနှင့်အညီ ပင်စင်လာရောက် ထုတ်ယူသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး အတွက်   စနစ်တကျရှိစေရန် သုံးပေအကွာစည်းများပြုလုပ်‌ပေးထားခြင်း၊ လက်ဆေး ဘေစင်များ ပြုလုပ်ထားခြင်း၊ နှာခေါင်းစည်း Mask များ အခမဲ့ ဖြန့်ဝေပေးခြင်းများ ဆောင် ရွက်ခဲ့သည်။

အဆိုပါ ပင်စင်ထုတ်ယူရာ၌ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် စက်တင်ဘာ ၂၁ ရက် နေ့မှ   ၂၉  ရက် နေ့အထိ မင်းလှမြို့နယ်အတွင်းရှိရပ်ကွက် /ကျေးရွာများမှ ပင်စင် စားများအား‌ နေ့စဉ်နံနက် ၇  နာရီမှ ညနေ ၃ နာရီအထိထုတ်ပေးလျက်ရှိသည်။ ထို့ပြင် သတ်မှတ် ရက်များ တွင်  လာရောက် ထုတ်ယူခြင်းမရှိသော အငြိမ်းစားများအား  အောက်တိုဘာလဆန်းတွင် ဘဏ်လုပ်ငန်းချိန် အတွင်း၌ ပင်စင်များကို ထုတ်ပေးမည်ဖြစ်ပြီး၊ မင်းလှမြို့နယ်တွင် မြန်မာ့ စီးပွား ရေးဘဏ်မှ ပင်စင်ထုတ်ယူသူ (၁၆၂၃) ဦးခန့်ရှိကြောင်း မြို့နယ်မြန်မာ့ စီးပွားရေး ဘဏ်မန်နေဂျာ ဒေါ်တင်တင်ဌေးထံမှ သိရသည်။

ဇာဇာ (အထက်မင်းလှ)