မင်းဘူး(စကု)မြို့နယ်တွင် ရှင်မတေင်သနပ်ခါးမျိုး စမ်းသပ်စိုက်ပျိုး အောင်မြင်ဖြစ်ထွန်း

မင်းဘူး  စက်တင်ဘာ  ၂၁

မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် အမှတ် (၄) မကျီးချောင်း အနောက်ကုန်း ရပ်ကွက်တွင် ရှင်မ တောင် သနပ်ခါးမျိုး စမ်းသပ်စိုက်ပျိုးရာ အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

သနပ်ခါးကို အပင်ပေါက်ကလေး (သို့) ပျိုးပင် တစ်လခွဲသား အရွယ်မှစတင်ကာ စိုက်ပျိုးရသည်။ အရွယ်ရောက်မှ စိုက်လျှင် အပင်ကြီးထွားနှုန်းနေးပြီး ဖြစ်ထွန်းသင့်သလောက် မဖြစ်ထွန်းတော ့ပေ။ တစ်ပင်နှင့်တစ်ပင် ငါးပေ၊ လေးပေ အကျယ်ထားပြီး အတန်းလိုက် စိုက်ပျိုးကြသည်။ တစ်လခွဲသားအရွယ်မှ စတင်စိုက်ပျိုးကာ (၇) နှစ်သား အရွယ်သို့ ရောက်လျှင် ခုတ်လှဲ ရောင်းချ လို့ရကြောင်း သိရသည်။

"ဦးလေးကတော့ သနပ်ခါးကို နှစ်ရှည်ပင်ဖြစ်ပေမဲ့ အပူပိုင်း ရာသီဥတုနဲ့လည်း ကိုက်ညီတယ် မြန်မာ မိန်းခလေးများ အလှပရေးရာ အတွက်သာ အသုံးပြုသည့် ပစ္စည်းမဟုတ်ဘဲ ကလေး၊ လူကြီး၊ မိဘ၊ ဘိုးဘွား လိမ်းကြံခြယ်သပြီး ဆေးဝါးများအဖြစ်နဲ့ပါ အသုံးပြုလို့ရသည့်အပြင် မြန်မာလူမျိုးများသာမက ကမ္ဘာ အရပ်ရပ်မှ ခရီးသွား ပြည်သူများကို မြန်မာနိုင်ငံ အလယ်ပိုင်းရဲ့ ထွက်ကုန်တစ်ခုအနေနဲ့ လက်ဆောင်ပစ္စည်းအဖြစ် ရောင်းချလို့ရနေတာကြောင့် စိုက်ပျိုး ဖြစ်တာပါ'' ဟု မကျီးချောင်းရပ်ကွက်နေ ရှင်မတောင် သနပ်ခါး စိုက်ပျိုးသူ ဦးထွန်းကြည်က ပြောသည်။

သနပ်ခါးကို မြန်မာနိုင်ငံ အလယ်ပိုင်းဒေသရဲ့ မြို့များဖြစ်သော ပခုက္ကူ၊ ရွှေဘို၊ မြင်းခြံ၊ အရာတော်၊ ပေါက်၊ ယင်းမာပင်၊ ရေစကြိုစသော မြိုများတွင် စိုက်ပျိုးကြပြီး အရာတော် တစ်မြို့နယ်တည်းပင်လျှင် သနပ်ခါးစိုက်ဧက တစ်သိန်းကျော် စိုက်ပျိုးကာ မြန်မာတစ်နိုင်ငံ လုံးတွင် သနပ်ခါးစိုက် ဧကပေါင်း သုံးသိန်းကျော်ရှိကြောင်း သနပ်ခါးစိုက် တောင်သူများထံမှ သိရသည်။

ဝင်းနိုင် (ပြန်/ဆက်)