မြိတ် နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ တပ်ပြင်ရပ် စပါးရွှေဝါလမ်းရှိ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံ တော် ထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေအတွက် သီတဂူဆရာတော်မှ အလှူတော်ငွေကျပ်သိန်း(၅၀၀)ကို ယမန်နေ့ နံနက်ပိုင်းက မြိတ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ အစည်းအဝေးခန်းမတွင် လှူဒါန်းခဲ့သည်။
ဆေးရုံတော် ထိန်းသိမ်းဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့သာသနာပြု ရွှေကျင်နိကာယ သာသနာပိုင်၊ နိုင်ငံတော်ဩဝါဒါစရိယ၊ သီတဂူ ကမ္ဘာ့ဗုဒ္ဓ တက္ကသိုလ်များနှင့် သီတဂူဆေးရုံတော်များ၏ အဓိပတိ၊ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာ ပဏ္ဍိတ၊ မဟာဓမ္မကထိက ဗဟုဇန ဟိတဓရ၊ သီတဂူ ဆရာတော်ကြီး ဒေါက်တာ အရှင်ဉာဏိဿရ ကိုယ်စား တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက အလှူတော်ငွေကျပ်သိန်း(၅၀၀)လှူဒါန်းပေးအပ်ရာ ဆေးရုံတော်စီမံစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း က လက်ခံရယူခဲ့သည်။
ထိုနောက် သီတဂူဆရာတော် ဒေါက်တာ အရှင်ဉာဏိဿရက မြိတ်မြို့ရှိ ဆရာတော်များနှင့် ဆေးရုံတော် စီမံစောင့်ရှောက်ရေးအဖွဲ့အား ဆေးရုံတော်အလုပ်အမှုဆောင်ကော်မတီကို စနစ်တကျဖွဲ့စည်းပြီး ဆောင် ရွက်ကြရန် မိန့်ကြားသည်။ မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတော်ကို ယမန်နေ့က ဖွင့်လှစ်ခဲ့ပြီး ဆေးရုံတော်အတွင်း ရဟန်း၊ ရှင်၊ လူ ပြည်သူများအား သီတဂူ ဆရာတော် ဦးဆောင်သည့် အထူးကု ဆရာဝန်ကြီး များမှ မျက်စိရောဂါ ဝေဒနာများကို အခမဲ့စမ်းသပ်ခွဲစိတ်ဆောင်ရွက်ပေးလျက်ရှိသည်။
မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတော်ကို သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များနှင့် သီတဂူဆေးရုံ တော်များ၏ အဓိပတိ သီတဂူဆရာတော် ဦးဆောင်မှုဖြင့် (၇)ရက်သားသမီး အလှူရှင်များ စုပေါင်းလှူဒါန်းငွေ ကျပ်သိန်းပေါင်း(၄၅၀၀)ကျော်နှင့် ဆေးရုံတော်အတွင်း တပ်ဆင်အသုံးပြုရန် သီတဂူဆရာတော်ကြီး လှူဒါန်းသည့် စက်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ(၁)သိန်းခွဲတို့ဖြင့် တပ်ဆင်တည်ဆောက်ထားခြင်းဖြစ်ပြီး ဆေးရုံတော် ထိန်းသိမ်းဆောင်ရွက်ရန် ရန်ပုံငွေအတွက် သီတဂူဆရာတော်မှ အလှူတော်ငွေ ထပ်မံလှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။
ခိုင်ထူး ( ပြန်/ဆက် )