ရေတာရှည်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ 

ရေတာရှည် နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့  အမှတ် () ရပ်ကွက်ရှိ အခြေခံပညာ မူလတန်း ကျောင်း၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာအဖွဲ့တို့ ပူးပေါင်း၍ အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်(၁၀:၃၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်ဇော်ထွေးမှ စားသုံးသူ၏ တာဝန်နှင့် အခွင့်အရေးများ အစားအသောက်များတွင်ပါဝင်သော ဆိုးဆေးများ၊ တာရှည်ခံဖော်မလင်ပါဝင်နိုင်သော အစား အသောက်များနှင့် အစားအစာ ဘေးအန္တရာယ်ကင်ရှင်းရေး ကုန်အညွှန်းအမှတ်သားပါ အစားအစာများ စားသုံးရေး အသိပညာပေးဟောပြောခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးဆုစံမှ စာအုပ်စာပေဖတ်ရှုခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများနှင့် လူကုန်ကူးမှု အန္တရာယ် တားဆီးကာကွယ်ရေး၊ သက်ငယ်မုဒိန်းမှုပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေးဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက  ကိုယ်ကာယဉာဏ စွမ်းရည်များ ဖွံ့ဖြိုးစေရေး၊အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှီးမှုများ ရရှိစေရေး ရည်ရွယ်ကာ စက္ကူပြဇာတ်နှင့် ရုပ်ပုံပြစာအုပ်ဖြင့် ပုံပြင်ပြောပြခဲ့ပြီး ကဗျာရွတ်၍ ကိုယ်လက်လှုပ်ရှား ဆောင်ရွက်မှုများအား ကျောင်းသူ၊ ကျောင်းသားများနှင့် အတူတကွ ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက်ကလေးငယ်များအား စာဖတ်သည့်အလေ့အထများရရှိစေရန် စာဖတ်ဝိုင်းနှင့် လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး၊မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရေတာရှည်(ပြန်/ဆက်)