ဖြူးမြို့နယ်၌ မြေပြင်လူဦးရေစာရင်းမှန်ကန်စွာကောက်ယူနိုင်ရေး ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံဆွေးနွေး

ဖြူး      နိုဝင်ဘာ   ၁၉

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင်မြေပြင်လူဦးရေစာရင်း ကောက်ယူ၍  အိမ်ထောင်စု စာရင်းများနှင့် တိုက်ဆိုင်စစ်ဆေးကာ  မှန်ကန်စွာဖြည့်သွင်းနိုင်ရေးအတွက်  ရပ်ကွက်/ ကျေးရွာ အုပ်ချုပ်ရေးမှူး များ၊ ရပ်ကွက်/ ကျေးရွာစာရေးများနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီက ပင်စင်လမ်းရှိ စည်ပင်သာယာခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် ဖြူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောမင်းသူက အမှာစကား ပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖြူးမြို့နယ်ဦးစီးမှူး ဦးမြင့်သိန်းက ဖြူးမြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကောက်ယူ၍ အိမ်ထောင်စုစာရင်းများနှင့်  တိုက်ဆိုင်စစ်ဆေးကာ  မှန်ကန်စွာ ဖြည့်သွင်းနိုင်ရေး အချက်များအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အလိုက် မြေပြင်လူဦးရေ စာရင်းအား ကောက်ယူကာ သက်ဆိုင်ရာဌာနများနှင့် တိုက်ဆိုင်စစ်ဆေး၍ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်းများကို ဆောင်ရွက်နိုင်ရေး၊ ဆောင်ရွက်ပြီးပါက နောက်ဆုံးအခြေအနေ၊ မြေပြင်လူဦးရေ စာရင်းကောက်ယူပြုစုခြင်း ပြီးစီးမှုအခြေအနေ၊ အသက်(၁၈)နှစ်အထက်/အောက်လူဦးရေ စာရင်း ဖော်ပြ ချက်များကို ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)