ပန်းတနော်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပန်းတနော်  နိုဝင်ဘာ ၁၉

ဧရာဝတီတိုင်း​ဒေသကြီး မအူပင်ခရိုင် ပန်းတနော်မြို့နယ်တွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျုံတိုင်းကြီးကျေးရွာ၌ သွားရောက်တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးနိုင်ဝင်းက ကျေးလက်နေပြည်သူများ အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ​မွေးမြူရေး၊ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အကြိမ်ပြည့်ထိုးနှံနိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား ဆွေးနွေးခဲ့ပြီးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဗိုလ်မှူးဇေယျာမြင့်မှ မိမိတို့ရပ်ရွာ အေးချမ်းသာယာရေးအတွက် လုံခြုံရေးနှင့်ပတ်သက်သည့် ကိစ္စရပ်များအား အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂)ဦးသိန်းဝင်းမှ စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုမရှိစေရေး သုံးစွဲ​ပြီး အမှိုက်များ စနစ်တကျစွန့်ပစ်ကြရန်၊ အိမ်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပစေရေးတို့အတွက် ဆွေးနွေးပြောကြားခဲ့ပြီး သက်ဆိုင်သည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက လယ်ယာမြေများ အပြည့်အဝစိုက်ပျိုးနိုင်ရေး၊ စပါးမျိုးကောင်းမျိုးသန့်များ ရရှိစေရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေး၊ ဆောင်းသီးနှံ နေကြာစိုက်ပျိုးနိုင်ရေး၊ မွေးမြူရေးလုပ်ငန်းများ၊ လမ်းတံတားကောင်းမွန်စေရေး၊ သဘာဝဘေးအန္တရာယ် ဖြစ်ပေါ်ပါက ကြိုတင်ကာကွယ်ရမည့်လုပ်ငန်းများ စသည့်သက်ဆိုင်ရာ ကဏ္ဍအလိုက်ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၏ မေးမြန်းတင်ပြချက်များအပေါ် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ ဆက်)