မြိတ် နိုဝင်ဘာ ၁၉
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မြိတ်တက္ကသိုလ်၌ ဖွင့်လှစ်သည့်အခြေခံပညာ အထက်တန်းဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒ ဘာသာရပ်သင် ဆရာ/မများအားသင်ထောက်ကူပစ္စည်းများ လက်တွေ့အသုံးချ သင်ကြားနိုင်ရေး အရည်အသွေးမြှင့် မွမ်းမံသင်တန်းသို့တက်ရောက်ဖွင့်လှစ်ပေးပြီး အမှာစကားပြောကြားသည်။
သင်တန်းဖွင့်ပွဲတွင် ဝန်ကြီးချုပ် ဦးမြတ်ကိုက နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တန်ဖိုးကြီးတဲ့ အရင်းအနှီးဟာ ပညာရေးဖြစ်ကြောင်း၊ ပညာသည် မကုန်ခမ်းနိုင်သော အရင်းအမြစ်ဖြစ်တဲ့အတွက် ပညာရေး အဆင့်အတန်းမြင့်မားအောင် နိုင်ငံတော်အနေနဲ့ ပညာရေးပြုပြင်ပြောင်းလဲမှုများပြုလုပ်ပြီး သင်ရိုးညွှန်းတမ်းများကို ခေတ်နှင့်အညီ ပြောင်းလဲရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သင်ထောက်ကူပစ္စည်းများ အသုံးပြုခြင်းဖြင့် သင်ယူသူများ စိတ်ဝင်စားမှု အာရုံစူးစိုက်မှုနှင့် သင်ယူချင်စိတ်ရှိအောင် လှုံ့ဆော်နိုင်ခြင်း၊ သင်ပြမည့်အကြောင်းအရာများကို ရှင်းလင်းလွယ်ကူစွာနားလည်စေခြင်း၊ သင်ယူမှု နှေးကွေးသူများအတွက် အလွယ်တကူနားလည်စေခြင်း၊ အာရုံငါးပါးဖြင့်ကြားမြင် ထိတွေ့ သင်ယူခြင်းဖြင့် ကျယ်ပြန့်သော ဗဟုသုတများ ရရှိစေမှာဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သင်တန်းပို့ချပေးမည့် မြိတ်တက္ကသိုလ်မှ ဆရာကြီး၊ ဆရာမကြီးများက တစ်ဦးချင်း မိတ်ဆက်ခဲ့ကြပြီး မြိတ်ခရိုင်ပညာရေးမှူး ဒေါ်လှလှအေးက သင်တန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ မြိတ်တက္ကသိုလ်တွင် ဘာသာရပ်အလိုက် လက်တွေ့ခန်းများ၌ သင်တန်းနည်းပြများမှ သင်ခန်းစာများကို သင်ထောက်ကူပစ္စည်းများဖြင့် ဆရာ/မများအား သင်ကြားပေးလျက်ရှိရာ ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးခဲ့ကြသည်။
သင်တန်းကို အခြေခံပညာအထက်တန်းဆင့် ဘာသာရပ်သင် ဆရာ/မများအနေဖြင့် သင်ထောက်ကူ ပစ္စည်းများ လက်တွေ့အသုံးချသင်ကြားနိုင်ရန်၊ အခြေခံပညာ အထက်တန်းဆင့်သင် ဆရာ/မများ၏ သင်ကြားမှု အရည်အသွေးများကို မြှင့်တင်ပေးရန် ရည်ရွယ်ချက်ဖြင့်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ သင်တန်းကို နိုဝင်ဘာ(၁၉) ရက်မှ(၂၀)ရက် နံနက်(၉)နာရီမှ(၄)နာရီအထိသင်တန်းနည်းပြ(၁၆)ဦးက မြိတ်ခရိုင်အတွင်းရှိ မြို့နယ်(၄) မြို့နယ်မှ ဓာတုဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒဘာသာရပ်သင် ဆရာ/ဆရာမ(၂၂၆)ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြိတ်မြို့ သီတဂူ ဇီဝိတဒါန,စက္ခုဒါန ဆေးရုံတွင် ရဟန်း၊ ရှင်၊ လူ ပြည်သူများအား သီတဂူ ဆရာတော် ဦးဆောင်သည့် အထူးကုဆရာဝန်ကြီးများမှ မျက်စိရောဂါဝေဒနာများကို အခမဲ့စမ်းသပ်ခွဲစိတ်ဆောင်ရွက်ပေးနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ခရိုင် ပြန်/ဆက်