စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာပညာရေးဒီဂရီကောလိပ် စုပေါင်းသန့် ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကြည့်ရှုအားပေးခြင်းနှင့် အမျိုးသားအိပ်ဆောင် သင်တန်း သား ၂၀၀ ဆံ့၊ ၄ ထပ်ဆောင် အဆောက်အဦသစ် တည်ဆောက်နေမှု ကြည့်ရှုစစ်ဆေး

မုံရွာ နိုဝင်ဘာ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာပညာရေးဒီဂရီကောလိပ်အား ကျောင်းဥပဓိရုပ်ကောင်း မွန်စေရေး၊ ကျောင်းပတ်ဝန်းကျင်နှင့် ဝန်ထမ်းနေအိမ်များ၊ သင်တန်းသား၊သင်တန်းသူများ အိပ်ဆောင်ပတ်ဝန်းကျင်တို့အား သန့်ရှင်းသပ်ရပ်စေရေးတို့အတွက် ခြင်များပေါက်ပွားနိုင်သည့် သစ်ပင်ခြုံနွယ်များ၊ ပေါင်းမြက်များခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေး၊ သင်တန်းသား၊သင်တန်းသူများ စိတ်အေးချမ်းသာစွာဖြင့် ကျန်းမာရေး ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးတို့အတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ လူမူရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာများ၊ ဝန်ထမ်းများနှင့် သင်တန်းသား/သင်တန်းသူများ ပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကိုဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများဆောင်ရွက်နေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် တာဝနှ်ရှိသူများက လိုက်လံကြည့်ရှုအားပေးပြီး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် အားပေးခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာပညာရေး ဒီဂရီကောလိပ်အတွင်းရှိ တည်ဆောက်လျှက်ရှိသော အမျိုးသားအိပ်ဆောင် သင်တန်းသား ၂၀၀ ဆံ့၊ အလျား ၁၇၉ ပေ၊ အနံ ၃၇ ပေ၊ အမြင့် ၄၄ ပေရှိ RC ကွန်ကရစ် ၄ ထပ်ဆောင် အဆောက်အဦသစ်တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် အချိန်မီတည်ဆောက်ပြီးစီးရေး၊ မီးဘေး အန္တရာယ်ကြိုတင်ကာကွယ်မှုနှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ၊ သတိတို့ဖြင့် ဆောင်ရွက်ရေးကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)