ပွင့်ဖြူ နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ဌာန၏ ငွေလုံး ငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် မြို့ပြသန့်ရှင်းသာယာလှပစေရေးအတွက် ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ နှင်းဆီလမ်းအား ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းကို ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ၊ ဌာန၏ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံ ငွေကျပ် (၁၇)သန်းဖြင့် ပွင့်ဖြူမြို့၊ အလယ်ပိုင်းရပ်ကွက်ရှိ နှင်းဆီလမ်း အရှည်ပေ ၁၃၅၀ အား အကျယ်(၁)ပေ ၊ အနက်(၂)ပေရှိ အုတ်ရိုးစီ ရေနုတ်မြောင်းအဖြစ် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယခုလပထမပတ်ကစတင်၍ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းနှင့် ယခုလက်ရှိတွင် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းမှာ ၇၅ ရာခိုင်နှုန်းခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း သိရသည်။
ယင်းရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းအား ယမန်နေ့က မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးသန်း ထိုက်အောင်နှင့် ကော်မတီအဖွဲ့ဝင်များက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့် ဦးဆောင်သော ဝန်ထမ်းများနှင့် အတူ မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာ၌ မြို့နယ်စည်ပင် သာယာရေးအဖွဲ့မှ တာဝန်ခံအင်ဂျင်နီယာ ဦးဇော်မင်းဦးက မြို့ပြသန့်ရှင်းသာယာလှပရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်နေသည့် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်း ပြီးစီးမှုအခြေအနေနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေး ပစ္စည်းစုဆောင်းထားရှိမှုနှင့် ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ တာဝန်ရှိသူများက သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီအောင် အလေးထား ဆောင်ရွက်သွားရန် ဆွေးနွေးမှာကြားခဲ့သည်။
အဆိုပါ အုတ်ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက မြို့တွင်းသန့်ရှင်းသာယာလှပရေး အတွက် အထောက်အကူပြုမည့်အပြင် မိုးရာသီကာလ ကြုံတွေ့ရမည့် ရေကြီးရေလျှံမှုများ ၊ ရေတိုက်စားမှုကြောင့် လမ်းပျက်စီးခြင်းများ၊ လူနေအိမ်များအတွင်း ရေဝင်ရောက်စေမှုများနှင့် ရေဆိုးရေညစ်များကြောင့် ဖြစ်ပေါ်စေမည့် ကျန်းမာရေးဆိုးကျိုးများအန္တရာယ်မှ သက်သာကင်းဝေးစေမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေး အဖွဲ့ အမှုဆောင်အရာရှိ ဦးလင်းမင်းညွန့်ထံမှ သိရသည်။
လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)