မင်းလှမြို့မဈေးအတွင်း မီးဘေး ကြိုတင်ကာကွယ်ရေးကြည့်ရှုစစ်ဆေး

မင်းလှ နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့သူမြို့သားများ မီးဘေးအန္တရယ်ကင်းဝေးစွာ ဈေးဝယ်ရောင်းချခြင်းများပြု လုပ်နိုင်ရေးအတွက် မြို့မဈေးအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေးခြင်းကို ယမန်နေ့က ဈေးမီးဘေးလုံခြုံရေးစစ်ဆေးရေးအဖွဲ့မှ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြန်မာ့လျှပ်စစ်ဓာတ်အားလုပ်ငန်း၊ ဈေးကော်မတီများက မြို့မဈေးအတွင်း၌ မုန့်စားတန်းဈေးဆိုင်များတွင် မီးအသုံးပြုသောသူများအား မီးကိုစနစ်တကျသုံးစွဲရန်၊ ဈေးသူဈေးသားများအား အမိူက်များကို စနစ်တကျရှင်းလင်းထားရန်၊ ဈေးလုံခြုံရေးမီးလိုင်များ၌ ဆက်သွယ်ထားရှိမူအခြေအနေ၊ ဆိုင်ခန်းများတွင်မီးသတ်ဆေးဘူးများ ထားရှိသည့်အခြေအနေ၊ မီးဘေးလုံခြုံရေးအတွက်ထားရှိသော ရေစင်၊ ရေငုတ်၊ ရေကန်၊ မီးချိတ်၊ မီးကတ်တို့ကို ကြည့်ရှုစစ်ဆေးပြီး မီးဘေးအန္တရာယ်ကြို တင်ကာကွယ်ရေးအသိပညာပေးစကားများ ပြောကြားခဲ့သည်။

အဆိုပါအဖွဲ့သည် မြို့မဈေးကြီးအား မီးဘေးအန္တရာယ်ကင်းဝေးရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပေါင်းစပ်ညှိနိူင်းဆွေးနွေးခဲ့ကြောင်း၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သရုပ်ပြခြင်းတို့ကို ပြုလုပ် ဆောင်ရွက်သွားမည်ဖြစ် ကြောင်းသိရသည်။

ပေါက်စ (မင်းလှ)