ကော့ကရိတ်မြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ပြုလုပ်

ကော့ကရိတ် နိုဝင်ဘာ ၁၉

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၌ ပြည်သူများအနေဖြင့် အသိပညာဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍  ယမန်နေ့နံနက် ၁၁ နာရီက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ  အသိပညာပေး (Talk Show) ဆွေးနွေးပွဲကို  ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်သည်။

အသိပညာပေး (Talk Show) ဆွေးနွေးပွဲတွင်  ကော့ကရိတ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်လေးနွယ်က (Talk Show) ဆွေးနွေးပွဲပြုလုပ်ရသည့်ရည်ရွယ်ချက်နှင့် သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ရာ ခရိုင်ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးညွန့်ဦးက မော်တော်ယာဉ်များပြောင်းလဲသွားနည်းဥပဒေများ၊ သင်မောင်းလိုင်စင်၊ ယာဉ်မောင်းလိုင်စင်များ ဆောင်ရွက်ပေးမှုအခြေအနေ၊ ကိုဗစ်.၁၉ ကာလအတွင်း ခရီးသည်ယာဥ်ကြံ့ခိုင်မှု ယာဉ်စစ်ဆေး ဆောင်ရွက်ပေးမှု၊ ခရိုင်အတွင်းယာဉ်တိမ်းမှောက်ပျက်စီးမှု လျော့နည်းကျဆင်းစေရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်မှု၊ ယာဉ်မောင်းသူများ စည်းကမ်းလိုက်နာမှုရှိရေး   မြေပြင်ဆောင်ရွက်ပေးမှုအခြေအနေတို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခင်မျိုးဝင်း(ခရိုင်ပြန်ဆက်)