မကွေး နိုဝင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး မကွေးမြို့သည် တိုင်းဒေသကြီးမြို့တော်ဖြစ်သည်နှင့်အညီ မြို့သန့်ရှင်း သာယာလှပစေရေးအတွက် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့အနေဖြင့် ကန်သာကန် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်ကာဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် (၇၅)ရာခိုင်နှုန်း လုပ်ငန်းဆောင်ရွက်ပြီးပြီဖြစ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့် လွင်သည် စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်နှင့်အတူ တာဝန်ရှိသူများလိုက်ပါကာ ယမန်နေ့ နံနက်ပိုင်းက အဆိုပါလုပ်ငန်းခွင်သို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးသည်။
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့အား ကန်သာကန်ရှင်းလင်းဆောင်သို့ ရောက်ရှိစဉ် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့က မကွေးမြို့ ကန်သာကန်သည် ယခင်က မြေသားရေလှောင်ကန်ဖြစ်ပြီး ပြည်သူများ အသွားအလာများသည့် နေရာတစ်ခု ဖြစ်ကာ ပြည်သူများစိတ်လက်ပေါ့ပါးစွာ အပန်းဖြေအနားယူရန်နှင့် ကျန်းမာရေးပြုလုပ်နိုင်ရန်အတွက် ရည်ရွယ်၍ မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ကန်သာကန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လမှ စတင်၍ လုပ်ငန်း(၁၆)ခုဖြင့် ဆောင်ရွက်ခဲ့ပြီး၊ ကန်သာကန် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွင် ကန်ပတ်လမ်းနှစ်ခုပါရှိပြီး အောက်ဆင့်ကန်ပတ်လမ်းနှင့် အပေါ်ကန်ပတ်လမ်း အား Brick Block များဖြင့် လျှောက်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် လုပ်ငန်း၏ (၇၅) ရာခိုင်နှုန်း ပြီးစီးဆောင်ရွက်ခဲ့မှု အခြေအနေ များအား ရှင်းလင်းတင်ပြခဲ့မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကန်သာကန်အား လှည့်လည် ကြည့်ရှုကာ လိုအပ်သည်များကို မှာကြားဆောင်ရွက်ခဲ့သည်။
ကန်သာကန်သည် ဧက ၂၀ ခန့် အကျယ်အဝန်းရှိပြီး တောင်-မြောက်အရှည် ပေ(၁၃၀၀)နှင့် အရှေ့- အနောက် အရှည်ပေ ၇၀၀ ခန့်ရှိပြီး၊ ကန်သာကန်အဆင့်မြှင့်တင်ခြင်း လုပ်ငန်းအနေဖြင့် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးတဲ့ အများပြည်သူနှင့် သက်ဆိုင်သည့် အကျိုးပြု လုပ်ငန်းတစ်ခုဖြစ်ကာ ပြည်သူများ ကျန်းမာရေးအတွက် ကိုယ်လက်လှုပ်ရှားမှုများ ဆောင်ရွက်နိုင်ခြင်း၊ မိသားစုများ အပန်းဖြေ အနားယူနိုင်ရန် ထိုင်ခုံလေးများ စီစဉ်ထားရှိခြင်း၊ စိတ်လက် ပေါ့ပါးစွာ လမ်းလျှောက်နိုင်ခြင်းတို့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ကန်သာကန်စိမ်းလမ်း စိုပြည် လှပစေရေးအတွက် ရေပန်း မီးအလှများဖြင့် စီစဉ်ထားရှိပြီး အရိပ်ရပင်များ၊ ပန်းအလှ၊ မြက်အလှပင်များ အလှဆင်စိုက်ပျိုးသွားမှာဖြစ်ကာ နေ့ထူးနေ့မြတ်များတွင်လည်း ငါးစာကျွေး ခြင်း၊ ငါးလွှတ်ပွဲများ ကျင်းပခြင်းတို့ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေး အဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။
ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မကွေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၂- ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွင်း မြို့ပြလမ်း၊ တံတား ရေစီးရေလာကောင်းမွန်ရေး လုပ်ငန်းများ အကောင် အထည်ဖော်ဆောင်ရွက်သည့် မကွေးမြို့ ဗိုလ်မင်းရောင်လမ်း (တောင်တွင်းလမ်းနှင့် အောင်စေတနာ(၅) လမ်းကြား)၊ (အောင်စေတနာ(၅)လမ်းနှင့် ဗိုလ်လင်္ကျာ လမ်းကြား) ကွန်ကရစ်ခင်းခြင်းနှင့် ခွာညိုလမ်း (အထက(၁)လမ်းနှင့် ရန်မျိုးနိုင်(၃)လမ်းကြား) ကတ္တရာခင်းခြင်းနှင့် လမ်းသားချဲ့ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းသို့ ရောက်ရှိပြီး ကြည့်ရှုစစ်ဆေး ရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူတို့က လုပ်ငန်း ဆောင်မှုအခြေအနေများအား ရှင်းလင်းတင်ပြမှုအပေါ် လုပ်ငန်းများ စနစ်တကျ ပြီးစီးရေး၊ လမ်းဘေးဝဲယာ ရေစီးရေလာ ကောင်းမွန်စေရေး၊ ပြည်သူများကလည်း သတ်မှတ်စည်းကမ်း များကို လိုက်နာဆောင်ရွက်စေရေး အလေးထား ဆောင်ရွက်ရန် မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မောင်ညီညာ