ငရုတ်ကောင်းမြို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန် တပ်မတော်ပင်လယ်သွားဆေးရုံ (သံလွင်) မှ တပ်မတော်ဆေးတပ်ဖွဲ့အား ဒေသခံပြည်သူများကြိုဆို

ငရုတ်ကောင်း၊ နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့နှင့် ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ရန်ရောက်ရှိလာသည့် တပ်မတော်ပင်လယ်သွားဆေးရုံ (သံလွင်) မှ တပ်မတော်ဆေးအဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်မှူးကြီးခွန်ဇော်နှင့် ဆေးတပ်ဖွဲ့တို့သည် ယနေ့နံနက် ၇ နာရီက ငရုတ်ကောင်းမြို့သို့ ရောက်ရှိခဲ့ရာ ဒေသခံပြည်သူများက ကြိုဆိုခဲ့ကြောင်း သိရသည်။

ထို့နောက် တပ်မတော်ပင်လယ်သွားဆေးရုံ (သံလွင်) မှ ဆေးတပ်ဖွဲ့တို့သည် ငရုတ်ကောင်းမြို့ ပြည်သူ့ဆေးရုံတွင် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နိုဝင်ဘာ (၁၈) ရက်နေ့မှ (၁၉) ရက်နေ့ထိ (၂) ရက်ကြာ ကုသဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာ အထွေထွေရောဂါ၊ ခွဲစိတ်ရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ ကလေးရောဂါ၊ အရိုးရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိရောဂါနှင့် သွားနှင့်ခံတွင်းရောဂါများ စသည့်ရောဂါများကို လိုအပ်သည့် ဆေးကုသမှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ၎င်းအပြင် ခွဲစိတ်ကုသရန်လိုအပ်သူများ၊ အကြီးစားခွဲစိတ်လူနာများ၊ မျက်စိခွဲစိတ်လူနာများကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ECG ဖြင့် နှလုံးစမ်းသပ်ခြင်း၊ အာထရာဆောင်းဖြင့် စမ်းသပ်စစ်ဆေးခြင်း၊ ရောဂါရှာဖွေစမ်းသပ်ကုသပေးခြင်းများ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား တပ်မတော်ဆေးရုံသို့ တက်ရောက်ကုသနိုင်ရေးများကို စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ငရုတ်ကောင်း