နတ်မောက်မြို့နယ်၌ မိုးနှောင်းချည်မျှင်ရှည်ဝါ သီးနှံစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်

နတ်မောက် နိုဝင်ဘာ ၁၈

မကွေတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများသည် ယခင်ကမိမိတို့၏ ယာမြေများတွင် မိုးနှောင်းကာလ၌ ပဲမျိုးစုံနှင့် ဟင်းသီးဟင်းရွက်စားပင်သီးနှံများကို စိုက်ပျိုးလုပ်ကိုင်ကြရာ ယခုအချိန်တွင် အထွက်နှုန်းကောင်းစျေးကောင်းရရှိသည့် မိုးနှောင်းချည်မျှင်ရှည်ဝါသီးနှံစိုက်ခင်းများ တိုးချဲ့စိုက်ပျိုးလုပ်ကိုင်ကြရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း န/လက်ခုပ်ပင်ကျေးရွာနေ ဝါစိုက်တောင်သူ ဦးညိုမင်းထံမှ သိရသည်။

နတ်မောက်မြို့နယ်အတွင်းရှိ ဝါစိုက်တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဝါသီးနှံများကို ပိုးရောဂါကြိုတင်ကာကွယ်နိုင်ရေးအတွက် ကင်းထောက်မှတ်တမ်းများယူခြင်း၊ တောင်သူများကုန်ကျစရိတ်သက်သာပြီး သဘာ၀ပတ်ဝန်းကျင် ညစ်ညမ်းမှုမရှိစေရေး သီးနှံအရည်အသွေးကောင်းမွန်ရေးအတွက် သဘာ၀ပိုးတားဆေး၊ ပိုးနှင့်ဆေးများ ပြုလုပ်သုံးစွဲနည်းများကို လက်တွေ့ပြသပညာပေးသဖြင့် ဓာတုဆေးများလျော့ချသုံးစွဲလျက်ရှိကြောင်း နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုက ပြောပြသည်။

နတ်မောက်မြို့နယ်တွင် ချည်မျှင်ရှည်ဝါမျိုးများဖြစ်သည့် ရွှေတောင်-၈ ၊ ရွှေတောင်-၁၀နှင့်​ ငွေချည်-၉ဝါများကို အဓိကထားစိုက်ပျိုးထားရှိရာ ယခုနှစ်တွင် စုစုပေါင်းဝါစိုက်ဧက (၂၂၈၄၆)ကျော်ရှိပြီး လက်ရှိအချိန်တွင် အပင်များပိုးမွှားရောဂါကျရောက်မရှိဘဲ မိုးနှောင်းချည်မျှင်ရှည်ဝါစိုက်ခင်းများ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရှိရသည်။

မူမူစန်း