စလင်း နိုဝင်ဘာ ၁၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ မြင်တင်ရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဝန်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမဆောင်တွင် ၂၀၂၂ ခုနှစ် (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားနှင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲ၊ မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့် ဆုရရှိကြသည့် ကျောင်းသားလူငယ် မောင်မယ်များအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
စလင်းမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း မိုးလုံလေလုံအားကစား ခန်းမဆောင်တွင် ကျင်းပပြုလုပ်သည့် (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အခမ်းအနားတွင် စလင်းမြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးနေလင်းနိုင်က အဖွင့်အမှာစကား ပြောကြားရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အစိုးရနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ပေးပို့သော (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။
ထို့နောက် စလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးရှိ ကျောင်းသား လူငယ် မောင်မယ်များအား ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလဆုတ် ၁၀ ရက်နေ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့တွင် ကျရောက်သည့် အမျိုးသား အောင်ပွဲနေ့အကြို ကဗျာ၊ စာစီစာကုံး ပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။ အဆိုပါပြိုင်ပွဲများမှ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲများမှ ဆုရရှိသူကျောင်းသား၊ မောင်မယ်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနေလင်းနိုင်က အထက်တန်းအဆင့် စာစီစာကုံးဆုရရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး ကျော်စိုးခိုင်က အလယ်တန်းအဆင့်စာစီစာကုံး၊ ကဗျာဆုရရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် လူဝန်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးတင်အေး၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဌေး၊ အထက(၁)ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်သန်း၊ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးဝင်းဗိုလ်နှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များက အသီးသီး ဆုများချီးမြှင့်ခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူမောင်မယ်များအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်ဇင်မာအောင်နှင့်ဝန်ထမ်းများက (၁၀၂) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ နံရံကပ်ဘုတ်ဖြင့်ပြသထားသည့် နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲအား ကြည့်ရှုခဲ့ကာ ကျောင်းသား/သူများနှင့် ဆရာ၊ ဆရာမများမှ စိတ်ဝင်စားစွာ ကြည့်ရှုကြကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)