(၁‌၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အခမ်းအနားများ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်

ပုသိမ် နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ရှေ့ဆောင်ရပ်ကွက်၊ ကျောင်းကြီးလမ်း၌ (၁၀၂)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကွန်ကရစ်လမ်း ဖွင့်ပွဲအခမ်းအနားအား ယမန်နေ့နံနက်ပိုင်းက အဆိုပါလမ်းရှေ့မုခ်ဦးတွင် ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြသည်။

ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က"ငါးသိုင်းချောင်းမြို့၏ မျိုးဆက်သစ် လူငယ်များ မွေးထုတ်ပေးရာ အထက်တန်းကျောင်းသို့ သွားသည့် လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ ကျောင်းတော်ကြီး၌ ပညာသင်ကြားပြီး တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲတွင် တိုင်းဒေသကြီး ဂုဏ်ဆောင်၊ နိုင်ငံ့ဂုဏ်ဆောင် ကျောင်းသား၊ ကျောင်းသူပေါင်းများစွာ မွေးထုတ်ပေးနိုင်ခဲ့ပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများ သွားမည့်လမ်းအား  ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် (၆၉၀'×၁၅'×၈'')ရှိ ကွန်ကရစ်လမ်းအား ဆောင်ရွက်ပေးခြင်း ဖြစ်ပါကြောင်း၊ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ကျောင်းသား ကျောင်းသူများနှင့် အများပြည်သူများ အဆင်ပြေ ချောမွေ့စွာ အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ရေရှည်တည်တံ့ရေးအတွက်လည်း ဝိုင်းဝန်းထိန်းသိမ်း စောင့်ရှောက်ရန် တိုက်တွန်းလိုပါကြောင်း" အမှာစကား ပြောကြားသည်။

ဆက်လက်၍ ငါးသိုင်းချောင်းမြို့ စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိက ကွန်ကရစ်လမ်းသစ် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့ပြီးနောက် (အ.ထ.က) ငါးသိုင်းချောင်း၏ ကျောင်းအကျိုးတော်ဆောင် အဖွဲ့အတွင်းရေးမှူးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။ ယင်းနောက်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး လမ်းအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆက်လက်၍ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်သည် ငါးသိုင်းချောင်းမြို့၊ ပြည်သူ့ဆေးရုံသို့ သွားရောက်၍ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ဆုံ၍ အားပေးစကားများ ပြောကြားခဲ့ပြီး ဆေးရုံ၏ လိုအပ်ချက်များ တင်ပြမှုအပေါ် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးအတွက် သက်ဆိုင်ရာ ဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ (၃၆)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားအား တက်ရောက်ပူ‌ဇော်ကန်‌တော့၍ လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့သည်။

ဦးစွာ အာစရိယပူဇော်ပွဲ အခမ်းအနားအား ကျောင်းသား၊ ကျောင်းသူဟောင်း နှစ်ဦးက “အိုဘယ့်မြတ်ဆရာ”သီချင်းဖြင့် ပူဇော်သီဆို ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ရေကြည်မြို့ အခြေခံပညာအထက်တန်းကျောင်း၏ ဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို နှစ်စဉ်နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့တွင် ကျင်းပ ပြုလုပ်ခဲ့ခြင်းဖြစ်ပါကြောင်း၊ ယခင်နှစ် ဆရာကန်တော့ပွဲ၌ ဆရာကြီး ဆရာမကြီးများ၏ မိန့်မှာချက်အရ အငြိမ်းစား ‌ဆရာကြီး ဆရာမကြီးများအား ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများ ပေးနိုင်ရန် ရည်မှန်းချက်ထားကာ ကျောင်းသား၊ ကျောင်းသူဟောင်းများ စုပေါင်း၍ ယခုနှစ်ပြုလုပ်သည့် အာစရိယပူဇော်ပွဲတွင် ဆေးဝါးကုသစရိတ် ဆေးပဒေသာပင်ပါ စိုက်ထူနိုင်ခဲ့သည့် အောင်ပွဲလည်းဖြစ်ပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများသည် မိမိတို့၏ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများဖြစ်ပြီး တပည့်များအပေါ် မတတ်သည်များကို တတ်အောင်၊ မသိတာ‌တွေကို သိ‌ရှိ‌အောင်၊ နားမလည်သည်များကို နားလည်အောင်၊ မကျွမ်းသည်များကို ကျွမ်းကျင်အောင်၊ မလိမ္မာသည်များကို လိမ္မာအောင်၊ မယဉ်ကျေးသည်များကို ယဉ်ကျေးအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးခဲ့ပြီး အများအကျိုးကိုယ်ကျိုးမဖက် ထမ်းရွက်တတ်သူ အနန္တော၊ အနန္တဂိုင်းဝင် ဆရာကြီး၊ ဆရာမကြီးများပင် ဖြစ်ပါကြောင်း၊ ယနေ့တွင် ဆရာကြီး၊ ဆရာမကြီးများအား တစ်စုတစ်စည်းထဲ ပူဇော်ကန်တော့ခွင့် ရသည့်အတွက် အတိုင်းမသိ ဝမ်းသာပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများ မျိုးစေ့ချပေးခဲ့သည် ရေကြည်မြို့ ကျောင်းသား၊ ကျောင်းသူဟောင်းများက စုပေါင်း၍ နှစ်စဉ် အစဉ်အလာမပျက် ကန်တော့ခွင့်ရသည့်အတွက် ဝမ်းသာဂုဏ်ယူရပါကြောင်း၊ ဆရာကြီး၊ ဆရာမကြီးများ၏ ရေရှည်ကျန်းမာရေးစောင့်ရှောက်မှုအား အပြည့်အဝပေးနိုင်မည့် တပည့်များဖြစ်အောင် ကြိုးစားသွားမည် ဖြစ်ပါကြောင်း” ဝမ်းမြောက်နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဆက်လက်၍ ဆရာကြီး၊ ဆရာမကြီးများအတွက် ဆေးပဒေသာပင်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးကလည်းကောင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများကလည်းကောင်း၊ အလှူရှင်များကလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကာ အာစရိယပူဇော်ပွဲသို့ တက်ရောက်လာကြသည့် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ ကျောင်းသား၊ ကျောင်းသူဟောင်းများက လှူဖွယ်ပစ္စည်းများဖြင့် ပူဇော်ကန်တော့ကြသည်။ ထို့နောက် ကျောင်းသားဟောင်းတစ်ဦးက ကန်တော့ကျိုးဖြင့် ဦးဆောင်တိုင်တည်ကာ ဆရာကြီး၊ဆရာမကြီးများအား စုပေါင်းကန်တော့ခဲ့ပြီးနောက် အပူဇော်ခံ ဆရာကြီးသုံးဦးနှင့် ဆရာမကြီးတစ်ဦးက ဆုံးမစကားများ ပြောကြားသည်။ ဆက်လက်၍ အပူဇော်ခံဆရာကြီးတစ်ဦးနှင့် အာစရိယပူဇော်ပွဲ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌတို့က ကျေးဇူးတင်စကားများ အသီးသီးပြောကြားခဲ့ပြီး “ကျောင်းဆရာ” သီချင်းအား သံပြိုင်သီဆို၍ အာစရိယပူဇော်ကန်တော့ပွဲ အခမ်းအနားအား ရုပ်သိမ်းခဲ့ကာ အပူဇော်ခံ ဆရာကြီး ဆရာမကြီးများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် ယနေ့မွန်းလွဲပိုင်း၌ မြန်အောင်ခရိုင် အင်္ဂပူမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည့် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စကားဝါဆောင်ကျောင်းဆောင်သစ် ဖွင့်ပွဲအား တက်ရောက်ဖွင့်လှစ်ပြီးနောက် အလှူရှင်များက အလှူငွေများပေးအပ်ခဲ့ရာ မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီ ဥက္ကဋ္ဌမှ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကျောင်းပရဝုဏ်အတွင်း ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည်များအား ကြည့်ရှုစစ်ဆေးကာ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။ အဆိုပါကျောင်းဆောင်သစ်မှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၁၂၀'×၂၆' steel structure (၁)ထပ် ဖြစ်ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)