စစ်ကြောင်းကြီးငါးကြောင်းဖြင့် ရွာမောင်းထောင်ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်း​ဆောင်ရွက်

ဇလွန် နိုဝင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ဇလွန်မြို့နယ်အတွင်းလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီးငါးကြောင်းဖြင့် ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် အရူပ်ကွင်း​ကျေးရွာအုပ်စု ရွာမောင်းထောင်ဘုန်းတော်ကြီးကျောင်းတွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်း​ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝင်းလွင်ဦးနှင့် စစ်ကြောင်းကြီးငါးကြောင်းမှ ဌာနဆိုင်ရာ တာဝန်ရှိသူများက လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု အခြေအနေများ၊ ဌာနဆိုင်ရာများက ကဏ္ဍအလိုက် ပြည်သူ့ဝန်ဆောင်မှု ဆောင်ရွက်နေမှုများ၊ ဆီထွက်သီးနှံနေကြာတိုးချဲ့စိုက်ပျိုးရန်နှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာ‌‌စေရေး အသိပညာပေး ဆွေးနွေးခဲ့ကြသည်။ ယင်းနောက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေးခြင်း၊ အိမ်ထောင်စုစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါစစ်ကြောင်းကြီးငါးကြောင်းက ဇလွန်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ဒေသခံပြည်သူများနှင့် တွေ့ဆုံကာဒေသခံပြည်သူများ၏ တင်ပြမှုများအပေါ် ပေါင်းစပ်ညှိ့နှိုင်းဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။

ဝေယံ